မြိတ်တွင် ဘေးတွဲဆိုင်ကယ် အဝယ်လိုက်၊ ဈေးမြင့်ရ

0
856
Bicycle

မြိတ်မြို့တွင် သုံးဘီးဘေးတွဲဆိုင်ကယ်များ အဝယ်လိုက်ပြီး တစ်စီးလျှင် ကျပ် နှစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း သုံးဘီးဆိုင်ကယ် မောင်းသူအချို့ထံမှ သိရသည်။

လူရှစ်ဦးအထိ စီးနိုင်သည့် သုံးဘီးဘေးတွဲဆိုင်ကယ်များအား အဝယ်လိုက်လာနေခြင်းဖြစ် ကြောင်း သုံးဘီးဘေးတွဲဆိုင်ကယ်မောင်းနင်သူအချို့က ပြောပြသည်။

သုံးဘီးဘေးတွဲဆိုင်ကယ်များမှာ အစစ်ဆေးရှိသော်လည်း ဖမ်းဆီးခံရခြင်းမရှိကြောင်း ၎င်းတို့က ပြောသည်။

“ငါးသိန်းတန်တဲ့ သုံးဘီးကို ခုနှစ်သိန်းအထိပေးပြီး လာဝယ်နေတာ၊ ဒါတောင် လိုင်စင်မရှိသေးဘူး” ဟု မြို့သစ်ရပ်နေ အသက် ၃၀ နှစ်ကျော်ရှိ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးခြင်းကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာရာ ဘေးတွဲဆိုင်ကယ်များမှာ အစစ်ဆေးရှိသော်လည်း ဖမ်းဆီးခံရခြင်း မရှိသဖြင့် အဝယ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဘေးတွဲမောင်းသူအချို့က ဆိုသည်။

“လူခုနစ်ယောက် ရှစ်ယောက်အထိတင်ပြီး မောင်းတယ်။ ဖမ်းတာတွေ မရှိဘူး” ဟု ဘေးတွဲဆိုင်ကယ် မောင်းသူတစ်ဦးက ပြောဆိုသည်။

ဝယ်ယူသူအများစုသည် ၎င်းတို့၏ ဆောက်လုပ်ရေး၊ ဥယျာဉ်ခြံလုပ်ငန်း စသဖြင့် လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အကြိုအပို့ပြုလုပ်နိုင်ရန် ဝယ်ယူနေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် သုံးဘီးဘေးတွဲဆိုင်ကယ်တို့အား အငှားဘေးတွဲမောင်းနင်ရန်အတွက် ဝယ်ယူသူအချို့လည်း ရှိကြကြောင်း သုံးဘီးဆိုင်ကယ်မောင်းသူအချို့က ပြောသည်။

“ဘေးတွဲမောင်းဖို့ Wave 100 အမျိုးအစား ဆိုင်ကယ်လိုင်စင်ပါတဲ့ ဘေးတွဲက ကိုးသိန်းပေးပြီး ဝယ်လိုက် ရတယ်” ဟု မြိတ်တောင်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်း၏ အမျိုးသားဖြစ်သူ မောင်းရန် ဆိုင်ကယ်ဝယ်ခြင်းဖြစ်ကြောင်း ၎င်းဆိုသည်။  

ဆိုင်ကယ်လိုင်စင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘေးတွဲဆိုင်ကယ်တစ်စီးလျှင် အမျိုးအစား အပေါ်မူတည်ပြီး အများဆုံး နှစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြင့်တက်‌နေကြောင်း တစ်ပတ်ရစ်ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ကိုင်သူအချို့က ပြောပြသည်။