ထားဝယ်တွင် မွေးမြူရေးကြက်ဥစျေးတက်၊ တစ်လုံး ၂၅၀ ကျပ်အထိရောက်ရှိ

0
644

စက်သုံးဆီစျေးအပါအဝင် အထွေထွေစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ထားဝယ်တွင် မွေးမြူရေးကြက်ဥတစ်လုံး ၂၅၀ ကျပ်နီးပါးဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှသိရသည်။

ပြီးခဲ့သည်နှစ် ဇူလိုင်လ က ကြက်ဥတစ်လုံး နှစ်ရာကျပ်ခန့် ဖြင့်ပေးဝယ်နေခဲ့ရာမှ ယခု နှစ် မေလကုန်ပိုင်းတွင် နှစ်ရာငါးဆယ်ကျပ်သို့ မြင့်တက်လာခြင်းဖြစ်သည်။

ကြက်ဦးဈေးတက်ရခြင်းမှာ ကြက်စာဈေးတက်ခြင်း၊ မတက်ခြင်းနှင့် မသက်ဆိုင်ဘဲ ကြက်ဥအထွက်နှုန်းပေါ် မူတည်ကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးအနီးရှိ ကြက်ဥ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“ထားဝယ်မှာတော့ ကြက်ဥအထွက်နဲတယ်။  ထားဝယ်ထွက်ကြက်ဥက ထားဝယ်က စားမလောက်ဘူး အဓိက ရန်ကုန်မော်လမြိုင်ကနေ မှာယူရတာပေါ့။ ခုကျ စက်သုံးဆီဈေးတက်တော့ သက်ယူစရိတ်‌က ဈေးကွက်ကို သက်ရောက်တာပေါ့”ဟု ၎င်းကပြောသည်။

ယခင်နှစ်က အရောင်းဒိုင်တွင် ကြက်ဥတစ်လုံးပေါက်စျေးမှာ ၁၇၀ ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် ၁၉၀ အထိပေးရကြောင်း ရေဖြူမြို့နယ်မှာ စားသုံးကုန် ရောင်းချသူတစ်ဦးကပြောသည်။

ကြက်ဥပေါက်စျေးမှာ နေရာပေါ်မူတည်ပြီး စျေးနှုန်းကွာဟချက်ရှိကာ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် တစ်လုံး နှစ်ရာကျပ်ခန့်ပေးရသော်လည်း သရက်ချောင်းမြို့တွင် တစ်လုံး နှစ်ရာနှစ်ဆယ်၊လောင်းလုံးမြို့နယ်တွင် နှစ်ရာ့‌လေးဆယ်၊ ရေဖြူမြို့နယ်တွင် နှစ်ရာ့ငါးဆယ်ကျပ်အထိ ပေးဝယ်ရကြောင်း စျေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီစျေးတက်နေ၍ သယ်ယူစရိတ်မြင့်လာပြီး ခရီးအကွာအဝေးပေါ်မူတည်ကာ ဈေးတက်ရခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ရှိ ‌စားသုံးကုန် ရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။

“ကျွန်မဆီမှာတော့ လက်ကျန် နှစ်ရာနှစ်ဆယ်နဲ့ရောင်းနေတယ်။ ဒီဟာကုန်လို့ ဈေးတက်ရင်တော့ နောက်ဈေးပေါ့”ဟု ထိုအမျိုးသမီးကပြောသည်။

ကြက်ဥဈေးတက်လာခြင်းကြောင့် ကြက်ဥမုန့်၊ကြက်ဥပလာတာ စသည့် အဆာပြေမုန့်များလည်း ဈေးတင်ရောင်းချနေရကြောင်း ကြက်ဥပလာတာ ရောင်းချသူအမျိုးသမီးတစ်ဦးကဆိုသည်။

“ဈေးမတင်ရင်မကိုက်ဘူး အရင်က ကြက်ဥပလာတာ တစ်ချပ်ကိုခုနှစ်ရာ အခု ရှစ်ရာနဲ့ ရောင်းတယ် အဲဒါတောင် သိပ်တွက်ခြေမကိုက်ဘူး။ ဆီဈေးကလဲ တစ်နေ့ထက်တစ်နေ့ မြင့်တက်နေတယ်လေ”ဟု ၎င်းကဆိုသည်။

စျေးတက်နေခြင်းကြောင့် ထားဝယ်ရိုးရာမုန့်ပြား အရောင်းဆိုင်အချို့တွင် ကြက်ဥတင်ထားခြင်း မရှိတော့ဘဲ ကြက်ဥနှင့် စားလိုသူများက ကြက်ဥဝယ်လာမှသာ လုပ်ပေးကြောင်း မုန့်ပြားသည်ကပြောသည်။

ထားဝယ်ဒေသတွင် ကြက်ဥကို ရန်ကုန်မြိုမှ မှာယူရောင်းချလေ့ရှိပြီး ထားဝယ်မြို့ရှိမွေးမြူရေးခြံများကလည်း ကြက်ဥထွက်ရှိသည်။