နီပေါနိုင်ငံတွင် လေယာဉ်ပျက်ကျမှု ခရီးသည်နှင့်ယာဉ်အမှုထမ်း အားလုံးသေဆုံး

0
434
ဓာတ်ပုံ - Nepal Army

နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်းမှ ခရီးသည်နှင့် အမှုထမ်း ၂၂ ယောက်ပါလေယာဉ်တစ်စင်း ယမန်နေ့ (မေ ၂၉) တွင် ပျက်ကျသွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိ‌ကြောင်း နိုင်ငံပိုင်သတင်းများတွင်ဖော်ပြထားသည်။

Tara Air ပိုင် လေယာဉ်တစ်စင်းသည် မေလ ၂၉ ရက်မနက်ပိုင်းတွင် နီပေါနိုင်ငံ ပေါ့ခါရာ(Pokhara)မြို့မှ ခရီးသွားမြို့ ဂျွန်ဆမ်(jomsom) မြို့သို့ ပျံသန်းရာ မိနစ်ပိုင်းအကြာတွင် မက်စ်တန်း(Mustang)ခရိုင်ရှိ ဟိမဝန္တာတောင်တန်းများအကြား ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်တွင် ရာသီဥတုဆိုးရွားမှုနှင့်အတူ အလင်းရောင်ကောင်းကောင်း မရရှိမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်‌နှေးခဲ့ရပြီး နာရီ ၂၀ ကြာ‌မှ လေယာဉ်ပျက်စီးမှုအပိုင်းအစကို တွေ့ရှိခဲ့ရကြောင်း ယင်းကြောင့်ယနေ့ (မေ ၃၀)မှသာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရကြောင်း နီပေါတပ်မတော်က ယနေ့တွင်ထုတ်ပြန်သည်။

ပျက်ကျသွားသော လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၄ ဦး၊ ဂျာမန်နိုင်ငံသား ၂ ဦး၊ နီပေါခရီးသည် ၁၃ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦးတို့ ပါဝင်ခဲ့ပြီး ယခုအချိန်အထိ အလောင်း ၁၄ လောင်း အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ရှာဖွေကယ်ဆယ်ရေးစစ်သားများအဖွဲ့တစ်ဖွဲ့ လေယာဉ်ပျက်ကျရာနေရာသို့ ရောက်ရှိနေပြီ၊ အသေးစိတ်ကို ထပ်မံကြေညာပေးမည်”ဟု နီပေါတပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် Narayan Silwal ကဆိုသည်။

လက်ရှိအချိန်အထိ လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

လေယာဉ်သည် ပေါ့ခါရာမြို့မှ ယမာန်နေ့ မနက် ၉နာရီ ၅၅မိနစ်တွင် စတင်ပျံသန်းလာပြီးနောက် ၁၂ မိနစ်အကြာတွင် လေကြောင်းထိန်းသိမ်းရေးစခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးတပ်ဖွဲ့များရောက်ရှိသွားခဲ့ချိန်တွင် လေယာဉ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၀၀ မီတာအထက် တောင်ပေါ်တွင် ပျက်ကျသွားခြင်းဖြစ်ပြီး ပျက်ကျရာနေရာ၏ ၁၀၀ မီတာအတွင်း အလောင်းများပျံ့ကြဲနေကာ ယခုအချိန်အထိ ၁၄ လောင်းကို အတည်ပြုစုစည်းနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ Tara Air လေကြောင်းလိုင်းသည် ပြီးခဲ့သော ၂၀၁၆ ခုနှစ်တွင် အဆိုပါလမ်းကြောင်းအတိုင်းပျံသန်းစဉ် ပျက်ကျခဲ့မှုကြောင့် လူ ၂၃ ဦးသေဆုံးခဲ့သေးသည်။

နီပေါနိုင်ငံသည် ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင် ၈ခု အထိရှိပြီး တောင်တန်းများအကြားတွင် လေယာဉ်ပျက်ကျမှုများ စံချိန်တင်မြင့်မားသောနိုင်ငံဖြစ်သည်ဟု CNN မှဖော်ပြထားသည်။

ကိုးကား India Today, Nepal Army, CNN