ထားဝယ် အထက ၃ အနီး ဗုံးနှစ်လုံးပေါက်၊ သုံးဘီးသမားတစ်ဦး ဒဏ်ရာရ

0
760

ထားဝယ်မြို့ အဓိကလမ်းမကြီးဖြစ်သည့် အာဇာနည်လမ်းမ‌ကြီပေါ်ရှိ အမှတ် ၃ အထက်တန်းကျောင်း အနီးတွင် ယနေ့ (မေ ၂၈) မွန်းလွဲပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။

မွန်းလွဲ ၂နာရီဝန်းကျင်တွင် ဗုံးစတင်ပေါက်ကွဲခြင်းဖြစ်ပြီး နောက်ထပ် နာရီဝက်ကျော်အကြာတွင် နောက်တစ်လုံး ထပ်မံပေါက်ကွဲကြောင်း မြို့ခံအချို့က ဆိုသည်။

ပထမတစ်လုံး ပေါက်ကွဲချိန်တွင် ဖြတ်သန်းသွားလာနေသည့် သုံးဘီးသမားတစ်ဦး ဒဏ်ရာရရှိကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

“သုံးဘီးပေါ်မှာတော့ ခရီးသည်မပါဘူး။ သူက ဗိုက်မှာထိသွားတယ်။ သူ့ဒဏ်ရာကို လက်နဲ့ဖိပြီးတော့မှာ (စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့) မြင့်မြင့်ငါးမုန့်ဆိုင်းနားမှာ လာရပ်နေတာ။ ဒဏ်ရာကတော့ သိပြင်းထန်ပုံ မရဘူး” ဟု ၎င်းမျက်မြင်က ဆိုသည်။

အကထ (၃) ကျောင်းဝင်းအတွင်းတွင်မူ ကျောင်းအပ်လက်ခံနေပြီး ဗုံးပေါက်သည့်နေရာနှင့် အလှမ်းဝေး ကြောင်း ၎င်းက ဆိုသည်။

ပထမဆုံးပေါက်ကွဲသည့်ဗုံးမှာ ကျောင်းခြံစည်းရိုး အုတ်တံတိုင်း အပြင်ဘက်ကပ်လျက် ပေါက်ကွဲခြင်းဖြစ်ပြီး နောက်တစ်လုံးမှာလည်း ကျောင်းခြံစည်းရိုးအနီးတွင်ပင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပထမဗုံးပေါက်ကွဲပြီး ခန့်မှန်း နာရီဝက်ခန့်အကြာတွင် အရေးပေါ်ကားတစ်စီးရောက်လာပြီး ယင်းအရေးပေါ်ကား ပြန်ထွက်သွားပြီး ခဏအကြာတွင် နောက်ထပ် ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဗုံးပေါက်မှု မဖြစ်ခင်ကပင် အထက ၃ ကျောင်းအနီးတွင် စစ်ကောင်စီတပ်သားတို့က လုံခြုံရေးယူပေးထားသည်ကို တွေ့ရှိရကြောင်း မြို့ခံအချို့ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဗုံးပေါက်သည့်နေရာကို လာရောက်စစ်ဆေးနေပြီး အာဇာနည်လမ်းကိုလည်း သွားလာခွင့် ပိတ်ထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ယင်းပေါက်ကွဲမူကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။

မေလ ၂၆ ရက်မှ ဇွန်လ ၂ ရက်နေ့အထိကို ကျောင်းအပ်နှံရေးကာလအဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။