လောင်းလုံး ကြက်ယက်တွင်းရွာအနီးတွင် စစ်ကောင်စီတပ်ကား ပစ်ခတ်ခံရ

0
986

လောင်းလုံးမြိုနယ် ဟင်းချိုတောရွာနှင့် ကြက်ယက်တွင်းကျေးရွာကြားတွင် ယနေ့ (မေ ၂၈) နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ကား ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျောက်နီမော်ရွာဖက်မှ ထားဝယ်ဖက်သို့ မောင်းနှင်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားနှစ်စီး နေ့လယ် ၁၂ ကျော်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကားနှစ်စီးသည် ကြက်ယက်တွင်းရွာ စာသင်ကျောင်းသို့ မရောက်မီ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရပြီးနောက် နာရီဝက်နီးပါးကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပထမ လက်နက်ငယ်သံ ဆယ်ချက်လောက်ကြားရတယ်။ ခဏတိတ်ပြီး လက်နက်ကြီးသံတစ်ချက်နဲ့ လက်နက်ငယ်သံ ဆယ်ချက်လောက် ထပ်ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။

ပစ်ခတ်မှု ဖြစ်ပြီးနောက်တွင် စစ်ကောင်စီတပ်ကားနှစ်စီး လောင်းလုံးမြို့ဖက်သို့ မောင်းထွက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကားနှစ်စီးလုံး အရှိန်ပြင်းပြင်းမောင်းပြီး လောင်းလုံးဖက် တက်လာတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်နှင့် ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေတို့ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လောင်းလုံးမြို့နယ်တွင် PDF အဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ-လောင်းလုံး) နှင့် ပြည်သူ့ပန်းတိုင် ပြောက်ကျားတပ်ဖွဲ့တို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

မေလ ၂၇ ရက် နံနက်ပိုင်းက သဗျာရွာ အုန်းသီးပုံ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသော ကားကို ပြည်သူပန်းတိုင်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း Mytel တာဝါတိုင်များကို ဆီလိုက်ဖြည့်နေသည့် မော်တော်ယာဉ်တစ်စီး ယနေ့ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတွင်ပင် မီးရှို့ခံလိုက်ရသေးသည်။