တနင်္သာရီတိုင်းက အမျိုးသမီး အားကစားသမားနှစ်ဦး ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိ

0
782
လက်ဝှေ့ ၄၈ ကီလိုတန်းတွင် တတိယဆု ကြေးတံဆိပ်ရရှိခဲ့သူ မအေးငြိမ်းထူး

ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းသူနှစ်ဦးက ဂျူဒိုနှင့် လက်ဝှေ့အားကစားနည်းတို့တွင် ဒုတိယဆုနှင့် တတိယဆုများ အသီးသီး ရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

ယင်းဆီးဂိမ်းပြိုင်ပွဲတွင် သရက်ချောင်းမြို့နယ်သူ မခြူးမြတ်နိုးဝေက ဂျူဒို ၅၇ ကီလိုတန်းတွင် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ပြီး ပုလောမြို့နယ်သူ မအေးငြိမ်းထူးမှာ လက်ဝှေ့ ၄၈ ကီလိုတန်းတွင် တတိယဆု ကြေးတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

လက်ဝှေ့ ၄၈ ကီလိုတန်းတွင် တတိယဆု ကြေးတံဆိပ်ရရှိခဲ့သူ မအေးငြိမ်းထူး

မအေးငြိမ်းထူးမှာ ၂၀၁၉ ခုနှစ်ကပြုလုပ်သည့် ဖီလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း လက်ဝှေ့အားကစားနည်းဖြင့် တတိယဆု ကြေးတံဆိပ်ဆွတ်ခူးပေးထားသူဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ၄ ဦးဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ဂျူဒိုအားကစားနည်းအတွက် တစ်ဦး၊ လက်ဝှေ့အားကစားနည်းအတွက် သုံးဦးဖြစ်သည်။

ယခုနှစ်ဆီးဂိမ်းပြိင်ပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကြီးအားကစားသမားအချို့  ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ CDM (အာဏာဖီဆန်ရေး)လှုပ်ရှားမှုတွင် ပါဝင်ထားကြသည်။

ဂျူဒို ၅၇ ကီလိုတန်းတွင် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မခြူးမြတ်နိုးဝေ

တနင်္သာရီတိုင်းတွင်လည်း အားကစားသမားအချို့ CDM တွင်ပါဝင်ထားကြကြောင်း စုံစမ်းသိရှိရသော်လည်း အသေးစိတ်ကို သိရှိရခြင်းမရှိပေ။

ယင်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူးအား မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

“(CDM) မှာဘယ်သူတွေပါလဲဆိုပြီး (အားကစားသမား) တစ်ဦးချင်းလိုက်မေး နေတာမရှိဘူး။ လာပြီးတော့ပြိုင်တဲ့သူတွေထဲက တိုင်းနဲ့ပြည်နယ်ပြိုင်ပွဲတွေအတွက် အကောင်းဆုံးတွေကိုရွေးချယ်မယ်။ လေ့ကျင့်ပေးမယ်။ ဒါပဲရှိတယ်“ ဟု ၎င်းတိုင်းဦးစီးမှူးကဆိုသည်။

၂၀၁၉ ခုနှစ် ဖီလစ်ပိုင်ဆီးဂိမ်းတွင်မူ တနင်္သာရီတိုင်းက ဂျူဒို၊ လက်ဝှေ့၊ ဘတ်စကတ်ဘော၊ ကရာတေး၊ ပိုက်ကျော်ခြင်း စသည့်ပြိုင်ပွဲငါးခုအတွက် ကစားသမား ၆ ဦးသွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

မေလ ၂၁ ရက်အထိ စာရင်းအရ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံသည် ‌ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၂၇ ခု စုစုပေါင်း ဆုတံဆိပ် ၅၂ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင်ရပ်တည်လျက်ရှိသည်။

၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းက အားကစားသမားတစ်ဦး ဂျူဒိုအားကစားနည်းဖြင့် ရွှေတံဆိပ်ရရှိခဲ့ဖူးသည်။