မုန်တိုင်းကြောင့် မွန်တွင် တစ်ဦးသေ၊ နေအိမ်အဆောက်အအုံ ရာချီပျက်စီး

0
302

မွန်ပြည်နယ်ကို ဖြတ်သန်းတိုက်ခိုက်သော မုန်တိုင်းငယ်ကြောင့် လူ ၁ ဦးသေဆုံးပြီး နေအိမ် အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။

မေလ ၂၀ ရက်နေ့က မော်လမြိုင်မြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် မိုးသက်လေပြင်း ကျရောက်ခဲ့သည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်ကြောင့် မော်လမြိုင် မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံ ခေါင်တိုင် ပြိုကျပိမိပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

”မနေ့က တိုက်သွားတဲ့လေပြင်းကြောင့် မော်လမြိုင်မှာ တစ်ဦးသေဆုံးသွားတယ် တစ်ဦး ဒဏ်ရာရတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ သထုံ၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့တွင် လူနေအိမ်၊ အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးသွားသည့်အပြင် သစ်ပင်နှင့် ဓာတ်မီးတိုင်အများအပြား ပြိုလဲသွားသည်လည်း ရှိသည်။

လက်ရှိတွင် မော်လမြိုင်မြို့၌ လေဘေးသင့်ပြည်သူ ၁၅၀ ကျော်ရှိနေပြီး ယာယီကယ်ဆယ်ရေးစခန်းတွင်  ပြောင်းရွှေ့ထားခဲ့ရသည်ဟု  အကူအညီပေးနေသူတစ်ဦးက ပြောသည်။

 ”ညက မိုးရွာထားတော့ ရေမကျသေးဘူး၊ သူတို့ အခြေအနေက မုန်တိုင်းရှောင်ပြီး ရေဘေးထပ်ရှောင်နေရတယ်” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

 လေဘေးသင့်ပြည်သူများကို အလှူရှင်တို့ကသာ အကူအညီပေးနေပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာကူညီထောက်ပံ့ပေးတာမရှိသေးကြောင်း သိရသည်။

 ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မေလ ၂၀ ရက်နေ့ညနေ မှ ၂၁ ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။