တကူနှင့် သရဘွင်တွင် တိုက်ပွဲပြင်းထန်၊ အင်တာနက် စတင်ပြတ်တောက်

0
261
Photo-Kwe Ka Lu News ထွက်ပြေးလာသည့် ဒေသခံများ

တနင်္သာရီမြို့နယ် တကူနှင့် သရဘွင်ကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ယနေ့နံနက်မှစကာ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများ ထံမှသိရသည်။

တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုများရှိရာ ဒေသအတွင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညဦးမှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ နေကြောင်း ဒေသခံများကပြောသည်။

“လက်နက်ကြီးကတော့ မိုးသီးမိုးပေါက်လိုပဲပစ်ကြတာ အခုအစောကြီးလည်း ထပစ်နေတယ် သရဘွင်ဘက်မှာ”ဟု စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသား တစ်ဦးက ယနေ့နံနက်ပိုင်းကပြောသည်။

ယင်းအပြင် တကူ၊သရဘွင်နှင့် သိန္ဒောရွာများတွင်လည်း ယနေ့နံနက်မှစတင်ကာ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများကဆိုသည်။

“ဖုန်းကတော့ ဆက်လို့ရနေသေးတယ် အင်တာနက်ကတော့ လုံးဝမရတော့ဘူး”ဟု သိန္ဒောကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

 မေလ ၁၉ ရက်ည ၆ နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် ပစ်ကာရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တကူတိုက်နယ်တစ်ခုလုံး ညတွင်းခြင်း ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

ယင်းနောက် မေလ ၂၀ ရက် နံက် ၉ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်များမှ သရဘွင်အရှေ့ကမ်းသို့ ထိုးစစ်ဆင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ၆ နာရီအကြာ တိုက်ပွဲဖြစ်ပွါးခဲ့သည်။

သရဘွင်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ခေါင်းဆောင်တစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရကြောင်း  တနင်္သာရီ ဘက်မလိုက်ပျောက်ကြားအဖွဲ့နှင့် တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအဖွဲ့က မနေ့ကထုတ်ပြန်ခဲ့သည်။

တိုက်ပွဲအတွင်း သရဘွင်အရှေ့ကမ်းရှိ စစ်ရှောင်စခန်းတစ်ခုလည်း မီးရှို့ခံရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“ရွာသားတွေလည်း အဖမ်းခံရသူတွေရှိသလို ပစ်ခတ်ခံရသူတစ်ချို့လည်းရှိတယ် ဘယ်သူဘယ်ဝါဆိုတာကတော့ အားလုံးအတည်မပြုနိုင်သေးဘူး”ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသား ကပြောသည်။

ယင်းအပြင် ရွာအတွင်း ပိတ်ထားသည့် နေအိမ်အချို့ကိုလည်း ကန်ဖွင့်၊ရိုက်ဖျက်ကာ ဝင်ရောက်ရှာဖွေမှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု ကြားရကြောင်း တကူဒေသခံများ ကပြောသည်။

ယနေ့နံနက်တွင် သရဘွင်ရွာရှိ နေအိမ်တစ်ချို့ မီးရှို့ခံရကြောင်း၊ စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

တနင်္သာရီတိုင်း လျှပ်စစ်ဝန်ကြီးဟောင်း ဦးအောင်သူရ၏ ယောက္ခမအိမ်အပါအဝင် အိမ် ၄ လုံးခန့်မီးလောင်သွားကြောင်း ဒေသခံများကပြောသည်။

“အိမ်ကိုကန်ဖွင့်ပြီး စားရေရိက္ခါဝင်ယူပါ ဝင်ရှာပါ အိမ်ကိုမီးမရှို့ရင်ရပြီ”ဟု တကူကျေးရွာမှ မြိတ်မြို့သို့ စစ်ဘေးရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုတို့သည် တနင်္သာရီမြို့နယ်တွင် စီးပွါးရေးကောင်းမွန်ပြီး ခေတ်ပညာတတ်ပေါများသည့် ကျေးရွာအုပ်စုများဖြစ်ကြသည်။

ယင်းကျေးရွာအုပ်စုအတွင်း ယခင် နဝတ(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) ခေတ်က KNU (ကရင်အမျိုးသား အစည်းအရုံး) နှင့်စစ်တပ်တို့တိုက်ပွဲများ ဖြစ်ဖူးကြောင်း၊ သို့သော်လည်း ယခုလိုမျိုး ရွာလုံးကျွတ်ပြေးခဲ့ရဖူးခြင်း မရှိခဲ့ဖူးကြောင်း တကူသံတိုက်မှ တိမ်းရှောင်လာသည့် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးက ပြောပြသည်။

စစ်ကောင်စီတပ်၏ အလုံးအရင်းဖြင့်ထိုးစစ်ဆင်မှုကြောင့် တကူကျေးရွာအုပ်စု၊ သရဘွင်ကျေးရွာအုပ်စုနှင့် သိန္ဒောကျေးရွာ၊ဘန်းပြည့်အနောက်ကမ်း စသည်ရွာများနေ ပြည်သူငါးထောင်ဝန်းကျင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယင်းသို့တိမ်းရှောင်စဉ် မိုးများရက်ဆက်ရွာသွန်းနေသည့်အတွက် စစ်ဘေးရှောင်များမှာ အမိုးအကာနှင့် နေထိုင်ချက်ပြုတ်စားသောက်ရေး အခက်အခဲများစွါကြုံနေရကြောင်း တိမ်းရှောင်နေသူများ ကပြောသည်။