ထိုင်းသို့ မြန်မာလုပ်သားများ တရားဝင် သွားလုပ်ခွင့်ရပြီ

0
644

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများကို မေလ ၁၀ ရက်နေ့မှ စတင်ကာ တရားဝင် ပို့ဆောင်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်လာပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဂိတ်များကို ပိတ်လိုက်ပြီး မြန်မာ အလုပ်သမားခေါ်ယူမှုကို ထိုင်းဘက်က ရပ်ဆိုင်းထားခဲ့သည်။

ယင်းနောက် ၂နှစ်ကျော်အကြာ ယခုနှစ် မေလ ၁၀ ရက်နေ့မှစတင်ကာ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံက တရားဝင် စတင်ခေါ်ယူနေကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

မြဝတီ – မဲဆောက်နယ်စပ် ချစ်ကြည်ရေး တံတားမှတစ်ဆင့် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၅၈၈ ဦး တရားဝင် ဝင်ရောက်လာကြောင်း အဆိုပါရုံးထံမှ သိရသည်။

မေလ ၁၀ ရက်နေ့တွင် မြန်မာအလုပ်သမား အမျိုးသား ၇၈ဦး၊ အမျိုးသမီး ၂၀၉ ဦး စုစုပေါင်း ၂၈၇ဦးကို မဲဆောက်နယ်စပ်စခန်းတွင် ထိုင်းဘက်က စတင်လက်ခံကြောင်း သံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ယင်းအလုပ်သမားများမှာ ချွန်ဘူရီခရိုင်ရှိ Panuspoultry Group ကုမ္ပဏီ ကြားသားစက်ရုံတွင် အလုပ်လုပ် ကိုင်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ (မေ ၁၁) တွင်လည်း မြန်မာအလုပ်သမား ၃၀၁ ဦးကို မဲဆောက်နယ်စပ်စခန်းတွင် လက်ခံကြောင်း သံအရာရှိရုံးထံမှ သိရသည်။

ကိုဗစ်ကာလ မတိုင်ခင်က ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားထံမှ ဝန်ဆောင်ခ ကျပ်တစ်သိန်းခွဲသာ မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကို ကောက်ခံခွင့် ပြုထားသည်။

ယခုတွင်မူ ဝန်ဆောင်ခဈေးနှုန်း နှစ်ဆတိုးမြှင့်ပေးလိုက်ကာ ကျပ်သုံးသိန်း ကောက်ခံခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံမှ သိရသည်။

ယင်းအပြင် ထိုင်းဘက်ခြမ်းတွင် ယခင်က နေထိုင်ခွင့်ဗီဇာ၊ ဆေးစစ်ခ၊ ကျန်းမာရေးအာမခံ၊ အလုပ်လုပ် ကိုင်ခွင့် လက်မှတ်တို့အတွက် ဘတ် ၃၆၀၀ ကုန်ကျရာမှ ယခုတွင် ဘတ် ငါးထောင်ကျော်မှ ခုနစ်ထောင်ကျော်အထိ ပေးဆောင်ကြရဦးမည်ဖြစ်သည်။

ထိုင်းလူမှုဖူလုံရေး ဥပဒေနှင့် အကျုံးဝင်သည့် အလုပ်သမားမှာ ကျန်းမာရေးအာမခံ ၄ လစာအပါအဝင် ဘတ် ၅၃၉၀ ပေးဆောင်ရမည်ဖြစ်ကြောင်း အလုပ်သမားသမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။

ယင်းဥပဒေနှင့် အကျုံးမဝင်သော အိမ်တွင်းအထောက်အကူပြုလုပ်ငန်းများ၊ ရာသီသီးနှံလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်သား၊ ကုန်တင်ချလုပ်ငန်း စသော လုပ်ငန်းများအတွက် ကျန်းမာရေး အာမခံ ၂ နှစ်စာအပါအဝင် ဘတ်ငွေ ၇၆၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယခု ထိုင်းသို့ပို့ဆောင်ပေးနေသော အလုပ်သမားများသည် မတ်လတွင် စာချုပ်ချုပ်ဆိုထားသူများဖြစ်‌ကြောင်း စုံစမ်းသိရသည်။

ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် အလုပ်အကိုင်ရှားပါးလာခြင်း၊ ငွေကြေးကျပ် တည်းလာခြင်း၊ မလုံခြုံခြင်း စသည်တို့ကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းခြင့် သွားရောက်မှု မြင့်မားနေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်လုပ်ကိုင်ခွင့်ရပြီဖြစ်သော်လည်း တရားမဝင် သွားရောက် လုပ်ကိုင်မှုမှာ လျော့ကျသွားဖွယ်မရှိသေးကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ပြောသည်။

“MoU လမ်းကြောင်းနဲ့ သွားမယ်ဆိုရင် ငွေအရင်ရှာရမယ်။ အချိန်တစ်ခု ထပ်စောင့်ရမယ်။ တိုင်းပြည် မငြိမ်မသက် ဖြစ်နေသရွေ့တော့ (တရားမဝင်) ဆက်ဝင်နေကြဦးမှာပဲ” ဟု ၎င်းက ဆိုသည်။

MoU မှာ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်ဖြင့် ထိုင်းသို့ မြန်မာအလုပ်သမား တရားဝင် တင်ပို့နေသည့် စနစ်ကို ဆိုလိုသည်။

ကိုဗစ်ရောဂါပျံ့နှံ့မှုကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ နှစ်နိုင်ငံ နယ်စပ်ဂိတ်များကို ထိုင်းအစိုးရက ပိတ်လိုက်ပြီး ၂ နှစ်ကျော်ကြာ ယခု မေလ ၁ ရက်နေ့မှစ၍ ပြန်လည် ဖွင့်လှစ်လိုက်သည်။