ထားဝယ်ခရိုင်ရှိ တိမ်းရှောင်နေရသူများ စာသောက်ရေး အခက်ကြုံ

0
630

ထားဝယ်ခရိုင်အတွင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများကြောင့် တိမ်းရှောင်နေရသည့် ဒေသခံ စစ်ဘေးရှောင်များမှာ စားရေးသောက်ရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

မေလ ၁၀ ရက်ညက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ထားဝယ်မြို့နယ် ကျောက်မဲတောင်ကျေးရွာအုပ်စုရှိ ဒေသခံများအချို့မှာ အနီးအနားရှိ ကျေးရွာ၏ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရကြောင်း ဒေသခံအချို့က ပြောသည်။

“(ထိတွေ့ပစ်ခတ်မှုမဖြစ်ခင်) အရှေ့ရက်ပိုင်းတွေကတည်းက ကားလမ်းတွေ ပိတ်ထားတာဆိုတော့ ဆန်၊ ဆီ၊ ဆေး၊ ဆားတွေကရှိပေမယ့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ကျတော့ မရှိဘဲဖြစ်နေကြတာပေါ့” ဟု ကျောက်မဲတောင်ရွာသားတစ်ဦးက ပြောသည်။

လတ်တလောတွင်မူ အိမ်ထောင်စု ၂၀ ကျော်မှာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြပြီး ပါလာသည့် စားစရာများကို စုပေါင်းချက်ပြုတ် စားသောက်နေကြရကြောင်း ၎င်းက ဆိုသည်။

ကျောက်မဲတောင်ကျေးရွာမှ ၁၅ မိုင်ခန့်အကွာ ပကာရီကျေးရွာတွင်လည်း ဒေသခံများမှာ နေအိမ်သို့ အပြီးမပြန်ရဲသေးဘဲ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စားရေးသောက်ရေးကတော့ ‌ရွာမှာလည်း ဝယ်စားဖို့မရှိဘူးဆိုတော့ သံဃာတွေက နေ့ဘက်ဆို ထွက်အလှူခံလို့ ရတာလေးနဲ့ ကိုယ့်မှာပါလာတာလေးနဲ့ ပေါင်းပြီး ချက်ပြုတ်စားသောက်နေရတာပေါ့” ဟု ပကာရီရွာသားတစ်ဦးကပြောသည်။

ပကာရီကျေးရွာက ဒေသခံများမှာ ဧပြီလ ၂၄ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင်မူ နေ့ဘက်နေအိမ်သို့ပြန်ပြီးသူအချို့ရှိပြီး ညဘက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပကာရီကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နေရာယူထားပြီး ကျောက်မဲတောင်ကျေးရွာ ရဲစခန်းတွင်မူ စစ်ကောင်စီတပ်က နေရာယူတပ်စွဲထားကြောင်း ဒေသခံအချို့က ပြောကြားသည်။

ယင်းနည်းတူပင် လောင်းလုံးမြို့နယ် သကျက်တော၊ ညောပြင် ကျေးရွာရှိ ဒေသခံများမှာလည်း စားသောက်ရေး အခက်အခဲရှိလာနေပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လတ်တလော သကျက်တောကျေးရွာတွင် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်အချို့ ပြတ်လပ်နေပြီ ဖြစ်ကြောင်း ဒေသခံအအချို့က ဆိုသည်။

“ဒီနေ့ရွာထဲမှ ဆီ(စက်သုံးဆီ) လိုက်ဝယ်တာ ဆိုင်တွေမှာ ပြတ်နေကြပြီ။ စားစရာသောက်စရာဆိုလည်း ဆိုင်တွေမှာကုန်နေပြီ။ ဆီဝယ်လို့ မရရင် (လျှပ်စစ်) မီးမရှိဘဲနေရမှာကို အကြောက်ဆုံးဖြစ်နေတယ်” ဟု သကျက်တောရွာသူတစ်ဦးက ပြောဆိုသည်။

သကျက်တောကျေးရွာသည် ၂၄ နာရီ လျှပ်စစ်မီး မရသေးဘဲ ကိုယ်ထူကိုယ်ထ ထူထောင်ထားသော ဘုန်းကြီးကျောင်းကပေးသည့် လျှပ်စစ်မီးကို မှီခိုနေရသည့် ကျေးရွာတစ်ရွာဖြစ်သည်။ စက်သုံးဆီ ဈေးမြင့်တက်လာပြီးနောက် နေ့ဘက်လျှပ်မီးမသုံးစွဲရတော့ဘဲ ညဘက်တွင်သာ သုံးစွဲရတော့ကြောင်း ပြောဆိုကြသည်။

ထားဝယ်ဖက်မှ သွားမည်ဆိုပါက သကျက်တောရွာ မရောက်ခင် ၃ မိုင်အခန့်အလို တောကျဲရွာတွင် ကားလမ်းမပေါ် သစ်ပင်လှဲချထားသဖြင့် ဈေးကားများ သွားမရဖြစ်ကာ စားသောက်ကုန်နှင့် စက်သုံဆီဝယ်ယူရေး အခက်တွေ့နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လမ်းပိတ်နေတာက သကျက်တောမှာ သုံးနေရာရှိတယ်။ ဆိုင်ကယ်တွေ သုံးဘီးတွေ (ယာဉ်အငယ်စား) တွေပဲ ကွေ့ပတ်ပြီးသွားလို့ရတယ်။ ကားတော့ သွားလို့မရသေးဘူး” ဟု ယနေ့ ယင်းလမ်းပိုင်းကို ဆိုင်ကယ်ဖြင့် ဖြတ်သန်းလာခဲ့သူ တစ်ဦးက ဆိုသည်။

မေလ ၅ ရက်ညက သကျက်တောရွာရှိ နယ်မြေရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း ရွာထဲတပ်စွဲထားဆဲဖြစ်ပြီး လျှပ်စစ်မီးမရှိချိန် နှစ်ဖက်ထိတွေ့ပစ်ခတ်မူဖြစ်မည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။