မြိတ်-မောတောင်သွားကားများ မှန်ချမောင်းရန် မေတ္တာရပ်ခံ

0
660

မြိတ်မြို့နှင့် မောတောင်မြို့သို့သွားလာနေသည့် ကားများ မှန်ချပြီးမှ မောင်းနှင်ကြရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊တပ်ရင်း ၂ က ယနေ့(မေ ၁၁)ရက်စွဲဖြင့် မေတ္တာရပ်ခံ သတိပေးလိုက်သည်။

ယင်းအပြင်ကားများ စစ်ယာဉ်တန်းနှင့်နီးကပ်စွာသွားလာခြင်းမပြုရန်၊ ကုန်တင်ကားများ အနေဖြင့်လည်း သွားလာရာတွင် တာလပတ်ဖြင့် ဖုန်းအုပ်ထားခြင်း၊ စစ်ကောင်စီနှင့်ပတ်သက်သည့် လူနှင့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာခြင်းတို့ မပြုလုပ်ရန်နှင့် ညအချိန်သွားလာခြင်းကို တတ်နိုင်သလောက်ရှောင်ကြရန် ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အထက်ပါအတိုင်း လိုက်နာမှုမရှိဘဲ သွားလာပါက တစ်စုံတစ်ရာထိခိုက်မှုရှိခဲ့လျှင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြိတ်-မောတောင်သို့ သွားနေသည့် ကုန်ကားများ ရပ်ထားသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး ခရီးသည်ကားများသာ သွားလာလျက်ရှိကြောင်း ကားသမားများကပြောသည်။

ခရီးသည်တင်ကားများသည်လည်း ညဖက်တွင် သွားလာခြင်းမရှိကြောင်း မြိတ်-မောတောင် ခရီးသည်တင်ကားမောင်းသူ တစ်ဦးကဆိုသည်။

“ည ၆ နာရီဆို နီးတဲ့ရွာမှာ ဝင်အိပ်လိုက်တယ် မနက်နေထွက်မှ ပြန်မောင်းတယ်”ဟု ၎င်းကပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လိုက်နာရန်မခက်ကြောင်း သို့သော်လည်း လက်နက်ကိုင်ထားသူများက ချောဆွဲခိုင်းစေလျှင် ငြင်း၍မရကြောင်း ကားသမားများ ကပြောသည်။

မြိတ်-မောတောင် ပြည်ထောင်စုလမ်းမကြီးတွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး မေလ ၈ ရက်နေ့ကလည်း ဆင်ဖြူရှင်အကျဉ်းစခန်းအား မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊တပ်ရင်း ၂ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်များအရသိရသည်။