တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံ

0
701
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများ။

တနင်္သာရီမြို့နယ်အတွင်းရှိသည့် စစ်ဘေးရှောင်စခန်းများ၊ နီးစပ်ရာကျေးရွာများ၊ ဥယျာဉ်ခြံမြေများတွင် တိမ်းရှောင် နေရသည့် ဒေသခံများ စားနပ်ရိက္ခာအခက်အခဲကြုံတွေနေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသည့်အဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

လူ တစ်ထောင်ကျော် ခိုလုံနေကြသည့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းနှစ်ခုမှာ အလှမ်းဝေးသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီများ ရရှိမှု အလွန်နည်းကြောင်း ခုနှစ်စဉ်ကြယ်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အလှူရှင်တွေက မရောက်တော့၊ လက်လှမ်းမမီတော့ လာမယ့် မိုးရာသီအတွက် စားရေးသောက်ရေးက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ်အစမှ စပြီး တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် လယ်သစ်ကျေးရွာအုပ်စုနှင့် ပဝကျေးရွာအုပ်စုတို့မှ ပြည်သူတစ်ထောင်ကျော်မှာ အထက်ပါစခန်းနှစ်ခုတွင် နေထိုင်နေကြခြင်းဖြစ်သည်။

မြိတ်ခရိုင်အတွင်း စစ်ရှောင်စခန်းခြောက်ခုရှိပြီး ပုလောမြို့နယ်တွင် လေးခုနှင့် တနင်္သာရီမြို့နယ်တွင် နှစ်ခုရှိသည်။

ပုလော စစ်ဘေးရှောင်စခန်းများနှင့် နှိုင်းယှဉ်လျှင် သက်တမ်းနုသေးသည့် တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်စခန်းသည် အလှူရှင်များ၊ ကူညီပေးနေသည့်အဖွဲ့အစည်းများ လာရောက်မှု၊ လှူဒါန်းမှု အလွန်နည်းနေသေးကြောင်း ခုနှစ်စဉ်ကြယ်အဖွဲ့က တာဝန်ရှိသူက ဆိုသည်။

ယင်းအပြင် မတ်လ ၃၁ ရက်ကစပြီး သိန္ဒောကျေးရွာအုပ်စုတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာကာ နီးစပ်ရာ ကျေးရွာများရှိ နေအိမ်၊ ဘုန်းတော်ကြီးကျောင်း၊ ဥယျဉ်ခြံမြေများသို့ တိမ်းရှောင်နေရသည့် ဒေသခံများမှာလည်း စားဝတ်နေရေး အခက်အခဲကြုံနေကြောင်း ဒေသခံများနှင့် ၎င်းတို့အရေး ကူညီပေးနေသူများထံမှ သိရသည်။

သိန္ဒောကျေးရွာအုပ်စုမှ ထွက်ပြေးလာသည့် ပြည်သူများမှာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် လူဦးရေထက် ပိုမိုများပြားပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

ငွေကြေးအတန်အသင့်ရှိသည့် ဥယျာဉ်ခြံပိုင်ရှင် လူလတ်တန်းစားများမှာ စားရေးသောက်ရေး အခက်အခဲ သိပ်မရှိသော်လည်း လက်လုပ်လက်စား လူတန်းစားများမှာမူ အကူအညီမရသဖြင့် အခက်အခဲကြုံနေရကြောင်း ခုနှစ်စဉ်ကြယ်အဖွဲ့မှ တာဝန်ရှိသူက ပြောပြသည်။

“ဆင်းရဲတဲ့ အစုအဖွဲ့လေးတွေကတော့ အချင်းချင်းမျှဝေပြီးတော့ စားသောက်နေကြရတယ်။ အခက်အခဲတွေက အများကြီး ကြုံနေကြရတာပေါ့” ဟု ၎င်းက ပြောသည်။

တကူကျေးရွာအုပ်စု၊ သရဘွင်ကျေးရွာအုပ်စုနှင့် သိန္ဒောကျေးရွာအုပ်စုများတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ခိုအောင်း နေထိုင်နေသည်ဟုဆိုကာ ဧပြီလပထမပတ်မှစတင်ပြီး ယနေ့ (မေ ၁၂) အထိ ဆန်နှင့် လောင်စာဆီ သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် တိမ်းရှောင်နေသူများအပြင် ယင်းကျေးရွာအုပ်စုတွင် အိမ်စောင့်ကာ လက်ရှိနေထိုင်နေသူများမှာလည်း စားသောက်ရေး အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲမကြာခဏ ဖြစ်ပွါးနေပြီး သိန္ဒော ကျေးရွာအုပ်စုနှင့် လယ်သစ်ကျေးရွာအုပ်စုဖက်တွင်လည်း လတ်တလော နှစ်ဖက်တပ်များ လှုပ်ရှားနေကာ စစ်ရေးတင်းမာ လျှက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။