ဒူးရင်းသီးအစေ့ တစ်ပိဿာ ကျပ် ၇၅၀၀ ဈေးပေါက်

0
898

မြိတ်‌တွင် ယနေ့ (မေ ၉) ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ကျပ် ၇၅၀၀ အထိ ဈေးပေါက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်နှစ်က တစ်ပိဿာလျှင် အနည်းဆုံး ၃၀၀၀ ကျပ်မှ အများဆုံး ၆၀၀၀ ကျပ်အထိ ဈေးနှုန်းရှိခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ဈေးက အတက်အကျ ရှိတယ်။ တစ်နေ့တစ်ဈေးပဲ” ဟု မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ရှိ ဒူးရင်းသီးအစေ့ အဝယ်ဒိုင်ရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ ၈ ရက်နေ့တွင် ၇၀၀၀ ကျပ်နှင့် ၉ ရက်နေ့တွင် ၇၅၀၀ ကျပ်နှုန်းတို့ဖြင့် ဝယ်ယူနေကြကြောင်း အဝယ်ဒိုင်အချို့ထံမှ သိရသည်။

သို့သော် ဒူးရင်းသီး ပေါများလာသည့်အချိန်တွင် ဒူရင်းသီးအစေ့ ဈေးကျလေ့ရှိကြောင်း အဝယ်ဒိုင် အသိုင်းအဝိုင်းထံမှ သိရသည်။

ယခုနှစ်တွင် ဒူးရင်းသီး ရာသီအစတွင် တစ်လုံးလျှင် အနည်းဆုံး နှစ်ထောင်ကျပ်မှ အများဆုံး တစ်သောင်း ကျပ်ကျော်အထိ ဈေးရှိနေသည်။ ဒူးရင်းသီး အလုံးဈေးကောင်းသကဲ့သို့ အစေ့များလည်း ဈေးကောင်းရ နေသည်။  

“အစေ့နှစ်ဆယ်ကျော်ကို ရောင်းလိုက်တာ တစ်ထောင်ရတာဆိုတော့ မပစ်ချဖြစ်တော့ဘူးပေါ့” ဟု ရာပြည့်ရပ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သုံးနှစ်ကျော်ခန့်မှစပြီး မောတောင်နယ်စပ်တွင် ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ကျပ်တစ်ထောင်ခန့် မှစပြီး ဝယ်ယူကာ ထိုင်းသို့ တင်ပို့ရောင်းချခဲ့ကြကြောင်း တင်ပို့ရောင်းချသူများထံမှ သိရသည်။

ယင်းနောက် ထိုင်းဘက်မှ ဝယ်လိုအားတက်လာသဖြင့် မြိတ်ခရိုင်အတွင်းမှ အဝယ်ဒိုင်တို့မှ ဝယ်ယူ စုဆောင်းကာ တင်ပို့ရောင်းချမှုများဖြစ်ပေါ်လာခဲ့သည်။

လက်ရှိ မြိတ်တွင် ဒူးရင်းသီးအစေ့များအား အဝယ်ဒိုင်ဖြင့် ဝယ်ယူသည့်အပြင် ရပ်ကွက်အတွင်းလည်း လှည့်လည်ဝယ်ယူနေကြပြီး ရာသီပေါ်ဈေးကွက်တစ်ခုဖြစ်ပေါ်နေပြီဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ထိုင်းနိုင်ငံတွင် ဒူးရင်းသီးအစေ့တို့အား ပျိုးပင်များအဖြစ် စိုက်ပျိုးခြင်း၊ အလှကုန်များနှင့် စားသောက်ကုန် အချို့အတွက် အသုံးပြုလေ့ရှိကြသည်။