ထားဝယ် သဗျာရွာတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံနှစ်ဦးဒဏ်ရာရ

0
529

ထားဝယ်မြို့နယ်၊ သဗျာကျေးရွာတွင် ယနေ့ (မေ ၉) ညနေပိုင်းက တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ညနေ ၃ နာရီခွဲမှ ညနေ ၄ နာရီခွဲခန့်အထိ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

သဗျာကျေးရွာတွင် ရောက်ရှိနေသည့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

မေလ ၇ ရက် နံနက်ပိုင်းက သဗျာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာ သွားပြီးနောက် ဒေသကာကွယ်ရေးပူးပေါင်းတပ် (PDF) က သဗျာကျေးရွာတွင် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် PDF တို့ ဝင်ထွက်မှုများ ရှိလာပြီးနောက် ဒေသခံအချို့မှာ တိမ်းရှောင်သွားကြပြီး အချို့မှာ ကျေးရွာထဲတွင် ဆက်လက်နေထိုင်ခဲ့ကြကြောင်း ၎င်းတို့ထံမှ သိရသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကျည်စထိမှန်သဖြင့် ဒေသခံနှစ်ဦး ဒဏ်ရာရကြောင်း သဗျာကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးကျည်ထိမှန်ထားတဲ့ ရွာသားနှစ်ယောက်ကို ဆေးရုံပို့ထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသော်လည်း PDF ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရထားသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ ၂၄ ရက်က ထားဝယ်မြို့နယ် ပကာရီရွာထိပ်က ရဲကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဧပြီလ ၂၆ ရက်တွင် သဗျာကျေးရွာအုပ်စု မဲချောင်းရွာအနီး ၈ မိုင်လမ်းဆုံတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သေးသည်။

မေလ ၅ ရက် ညပိုင်းက လောင်းလုံးမြို့နယ် သကျက်တောနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။