သရက်ချောင်းမြို့နယ် ဆေးဖြတ်ကုန်းရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ

0
417

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု ဆေးဖြတ်ကုန်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုး (ခ) ယောက်အို ဆိုသူကို မေလ ၇ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရပြီး သူရဲတောင်ကြိုးတံတားအနီးတွင် အသတ်ခံထားရ ကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၄၅ နှစ်ခန့်ရှိပြီဖြစ်သော ဦးမြင့်စိုးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး သတင်းပေးဒလန်ဟု နာမည်ထွက်သူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ဦးမြင့်စိုးမှာ မေလ ၇ ရက် ညနေပိုင်းက အခြားအမျိုးသားတစ်ဦးနှင့် အတူ လျှပ်စစ်မီးပြင်ပြီး ပြန်လာစဉ် လမ်းတွင် ဖမ်းဆီးခံရပြီးနောက် အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံ မေးမြန်းချက်အရ သိရသည်။

၎င်းကို ဆိုင်ကယ်သုံးစီးဖြင့်လာသည့် အမျိုးသားအချို့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဲဒီလူကိုက လက်ပြန်ကြိုးတုတ်ပြီးတော့ ဖမ်းခေါ်သွားတယ်။ အဲဒီလူက မိုးရွှေကုန်းရွာမှာ မီးလာပြင်တယ်ဆို ပြောတယ်။ နှစ်ယောက်လာတာမှာ မဆိုင်တဲ့သူကိုတော့ ဆိုင်ကယ်နဲ့ ပြန်လွှတ် လိုက်တယ် ဆိုပြောတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။

ဦးမြင့်စိုးမှာ လျှပ်စစ် မီးလိုင်းများ တပ်ဆင်ပေးခြင်း၊ ပြင်ပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ကိုင်သည်ဟု ဒေသခံအချို့က ပြောသည်။

၎င်းကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသတ်ဖြတ်လိုက်သည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။