လောင်းလုံးတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ

0
433

လောင်းလုံးမြို့နယ် သဗျာကျေးရွာအုပ်စု၊ မဲမော်ကျေးရွာတွင် ယနေ့ (မေ ၈) နံနက်ပိုင်းက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအဖွဲ့ဝင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသူမှာ မဲမော်ရွာသား အသက် ၅၀ ကျော်အရွယ် ဦးလှအင်ဆိုသူဖြစ်ပြီး ယနေ့နံနက်ပိုင်းက ကုန်းဇရပ်ဘက်မှ မဲမော်ရွာသို့ ဆိုင်ကယ်စီးလာစဉ် နေအိမ်အနီး ကိုက်ငါးဆယ်ခန့်အကွာတွင် နောက်မှ ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက သေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်ခတ်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သုံးချက်ထိတယ်။ ပေါင်၊ လက်မောင်း၊ ရင်အုံကို ထိတယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးလှအင်ကို ဆေးရုံးသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားပြီး ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းသည် သဗျာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျေးရွာအဆင့် ပါတီ တာဝန်များကိုလည်း ထမ်းဆောင်နေသူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဦးလှအင်ကို မည်သည့်အကြောင်းအရင်းကြောင့် မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သဗျာကျေးရွာအုပ်စုတွင် သဗျာ၊ မဲမော်၊ ပဉ္စသီမော်ရွာသုံးရွာရှိသည်။