ကလိန်အောင်မြို့ အမှတ် (၂) တံတားအနီး စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

0
368

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အမှတ် (၂) တံတားအနီး၌ စစ်ကောင်စီတပ် ကားတန်းကို မေလ ၇ ရက်နေ့တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Kanbauk Denfense Force (KBDF) က ထုတ်ပြန်ထားသည်။

မေလ ၇ရက်နေ့ နံနက် ၈နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ အနည်းဆုံး ခြောက်ဦးဒဏ်ရာရခဲ့သည့်အပြင် ကား ထိခိုက်ပျက်စီးမှုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကလိန်အောင်မြို့တွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက အမှတ် (၂) တံတားအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသည်ဟု ကြားသိရသော်လည်း ထိခိုက်သေဆုံးမှု ရှိမရှိ သေချာမသိကြောင်း ပြောသည်။  

“အသိတွေပြောတာတော့ မိုင်းဆွဲသံလည်း ကြားတယ်။ ပြီးရင် သေနတ်တွေလည်း နည်းနည်း ပစ်တယ် လို့တော့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အမှတ် (၂) တံတားအနီးတဝိုက်က ရော်ဘာခြံလုပ်ကိုင်သူ ဒေသခံများ သွားလာရ ခက်ခဲသွားကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့ KBDF နှင့် T1 မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KBDF ကသတင်းထုတ်ပြန်ထားသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။

မေလ ၅ ရက် နံနက် ၈ နာရီခွဲခန့်ကလည်း ကံပေါက်ဒေသ၊ ဆင်ရပ်တံတားအနီးတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု နာမည်ထွက်သူ ငကြွား (ခေါ်) ဟန်မောင်မောင်ကိုလည်း KBDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။