တနင်္သာရီ ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီပိုင် ရော်ဘာစက်ရုံတိုက်ခိုက်ခံရသဖြင့် တိုက်ပွဲဖြစ်နေ

0
578

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် ယနေ့ (မေ ၈) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ပိုင် ရော်ဘာစက်ရုံ တိုက်ခိုက်ခံရသဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ပင်ကွင်းကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီ်ဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်က ပိုင်ဆိုင်သည့် ရော်ဘာခြံတစ်ခြံလည်း မီးလောင်နေကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ။ နှစ်ဖက်အပြန်အလှန် ပစ်နေတယ်။ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့လည်း ပစ်နေကြတယ်” ဟု ဒေသခံရွာသားတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ပြောသည်။

ညောင်ပင်ကွင်းရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်များက လာရောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရွာသားများက ပြောသည်။

ညောင်ပင်ကွင်းရွာရှိ စက်လက်နက်ပစ္စည်း ညွှန်ကြားရေးရုံး ကက (ကြည်း) ပိုင် ရော်ဘာစက်ရုံကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း နှစ်ခုနှင့် ပူးပေါင်းအဖွဲ့ဝင်တို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်) က ယနေ့ မွန်းလွဲ ၃နာရီကျော်တွင် ထုတ်ပြန်သည်။

ယင်းသို့ စီးနင်းရာ စစ်ကောင်စီတပ်ဖက်က ထွက်ပြေးတိမ်းရှောင်သဖြင့် ပစ်ခတ်မှုမရှိဘဲ ပူးပေါင်းအဖွဲ့က စက်ရုံကို စီးနင်းပြီး ပြန်လည်ဆုတ်ခွာရာတွင် ယင်းရွာရှိ ခမရ (၅၆၁) က လက်နက်ကြီးဖြင့် ခုနစ်ချက် ပစ်ခတ်သော်လည်း ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညောင်ပင်ကွင်းကျေးရွာတွင် ဧပြီလ ဒုတိယအပတ်က ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ပစ်သတ်ခံခဲ့ ရသေးသည်။