ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၃၀ကျော်ကို ကော့သောင်းဘက်သို့ ပြန်လွှဲ

0
353

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၃၂ဦးကို မေလ ၆ ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းပေး လိုက်ကြောင်း ဘန်‌ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၂၇ ဦး၊ အသက် ၁၈ နှစ်အောက် ယောင်္ကျားလေး ခုနစ်ဦး၊ မိန်းခလေး နှစ်ဦး စုစုပေါင်း ၁၃၂ ဦးတို့ကို ပြန်လည်လွှဲပြောင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားတို့သည် အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီးသူများဖြစ်ကြကြောင်း အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ်စစ်ဆေးရာ ၂၄ဦးတွင် ကိုဗစ်ကူးစက်ခံထားရသည်ကို တွေ့ရှိကြောင်း ၎င်းတို့အား ကူညီလုပ်ဆောင်ပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိတစ်ဦးက ပြောပြသည်။

“သူတို့ကို (ပိုးတွေ့သူတို့) တော့ ဆေးရုံမှာ သီးသန့်ကွာရန်တင်း ထားထားတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကိုဗစ်ပိုး မတွေ့သူများကိုလည်း သီးသန့်ခွဲထားကာ ဆယ်ရက်အထိ ကွာရန်တင်းစခန်းတွင် နေထိုင်ရပြီးမှသာ သက်ဆိုင်ရာ နေထိုင်ရာ မြို့နယ်များသို့ ပြန်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၁၂၉ ဦးတို့အား ထိုင်းနိုင်ငံက လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ထံမှ သိရသည်။