ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြောက်လအတွင်း အပြီးရေးဆွဲမည်

0
320

ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ခြောက်လအတွင်း အပြီး ရေးဆွဲသွားမည်ဟု မွန်အမျိုးသားညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ညီလာခံကျင်းပရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။

မေလ ၂ ရက်မှ ၅ ရက်နေ့အထိ မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပခဲ့သည့် မွန်အမျိုးသားညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေနှင့် ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန် မွန်သံဃာတော်၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေး ပါတီ၊ မွန်လူမှုအဖွဲ့အစည်းအသီးသီးတို့မှ ကိုယ်စားလှယ်များပါဝင်သည့် ကော်မတီတစ်ရပ်ကိုလည်း ညီလာခံက ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း ညီလာခံထံမှသိရသည်။

“ဆွေးနွေးပွဲကနေ အဖွဲ့စုံ ကဏ္ဍစုံက တင်ပြထားတဲ့ အမြင်သဘောထားတွေ အကြံပြုချက်တွေကို စုစည်းပြီးတော့ ၆ လ အတွင်းမှာ အပြီးလုပ်ဆောင်သွားဖို့ ချမှတ်ထားပါတယ်” ဟု နိုင်အောင်မငေးက ပြောသည်။

ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လက်ရှိ ပကတိအခြေအနေနှင့်လည်း ကိုက်ညီရမည်ဖြစ်ပြီး မွန်တိုင်းရင်းသား သဘောထားဆန္ဒများအပြင် မွန်ပြည်နယ်အတွင်းရှိ အခြားသော တိုင်းရင်းသားများ လက်ခံနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်အောင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ညီလာခံကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။

ညီလာခံတွင် အခြေခံဥပဒေရေးဆွဲရေးကိစ္စများအပြင် မွန်အမျိုးသားရေးကိစ္စများ၊ မွန်အမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်နေ့အဖြစ် သတ်မှတ်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရသည်။

မွန်အမျိုးသား ညီလာခံကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသား ပညာရေးဗဟိုဌာန ညီစားစခန်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ညီလာခံသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စား လှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ၊ လေ့လာသူများ စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့ကြောင်း ညီလာခံကျင်းပရေးကော်မတီမှ သိရသည်။

ယခုညီလာခံမတိုင်မီ မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး နောက်ဆုံးအကြိမ် မွန်အမျိုးသားညီလာခံကို ၂၀၁၆ ခုနှစ်က မွန်ပြည်သစ် ပါတီထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။