ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သားများစီးလာသည့်ကား ပစ်ခတ်ခံရ၊ တစ်ဦး သေဆုံး

0
473

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စီးလာသည့်ကား ပရာကျွတ်ခီရီခန်ခရိုင်တွင် ပစ်ခတ်ဖမ်းဆီးခံရသဖြင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း ပရာကျွတ်ခီရီခန်ခရိုင်ရဲစခန်းမှ ဒုတိယရဲမှူး Methasit Naphattalung က ပြောသည်။

ပရာကျွတ်ခီရီခန်ခရိုင် နောင်းခမ်း-နော်နူးလမ်းတွင် ထိုင်းရဲတပ်ဖွဲ့က မေလ ၆ ရက်‌နေ့ နံနက် ၇ နာရီအချိန် တွင် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြသည်။

အဆိုပါကားသည် စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ရန်အတွက် အရှိန်ကုန်မောင်းနှင်လာသောကြောင့် ထိုင်းရဲတပ်ဖွဲ့က သေနတ် လေးချက်ပစ်ခတ်ဖမ်းဆီးကြောင်း ဒုတိယရဲမှူးက ပြောဆိုထားသည်။

ကားကို ကျည်ထိမှန်ပြီးနောက် လမ်းဘေးသို့ ကားထိုးရပ်သွားပြီး ကားပေါ်တွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

၎င်းမှာ အသက် ၃၅ နှစ်အရွယ်ရှိသူဖြစ်ပြီး ဦးခေါင်းနှင့် နောက်ကျောတွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ထပ်ကျည်ထိမှန် ဒဏ်ရာရရှိသူ သုံးဦးတွင် အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းလူမှု ကူညီရေးအဖွဲ့က ပရာကျွတ်ခီရီခန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သေနတ် ပစ်ခတ်ခံရမှုကြောင့် ကြောက်၍ လမ်းဘေးရှ်ိ သစ်ပင်နောက်တွင် ပုန်း‌နေခဲ့သော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၀ ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး) တို့ကို ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်း-မြန်မာ နယ်စပ်ရှိ ထန်းတောတစ်ခုတွင် သုံးရက်ကြာ ပုန်းအောင်းနေခဲ့ပြီးနောက် မေလ ၆ ရက်နေ့တွင် ကားဖြင့် စစ်ဆေးရေးဂိတ်ကို ဖြတ်သွားခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။

မြန်မာလုပ်သားများသည် ပစ်ကပ်ကား၏ အနောက်ဘက်တွင် မှောက်လျက် တစ်ဦးပေါ်တစ်ဦးဆင့်၍ လိုက်ပါလာကြခြင်းဖြစ်ပြီး သေနတ်ပစ်ခတ်မှုကြောင့် ကားအနောက်ဘက်တွင် ရှိ‌သောသူများ ကျည်ထိမှန် ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် CCTV မှတ်တမ်းများကို စစ်ဆေးသွားမည်ဖြစ်ပြီး သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့သော တာဝန်ကျရဲများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု ပရာကျွတ်ခီရီခန်ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ကိုးကား – Post Today, Bangkok Post