ဘုတ်ပြင်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သားအချို့ အထိအခိုက်ရှိဟုဆို

0
191

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြိုနယ်၊ ရတနာပုံကျေးရွာအနီးတွင် မေလ ၅ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။

လေညာ-ရတနာပုံလမ်းတွင် မေလ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံ ၁၀ ခန့် လည်း ကြားရကြောင်း ရတနာပုံကျေးရွာမှ တောင်သူများက ပြောသည်။

“ရတနာပုံ ကုန်သယ်လမ်း မိုင်နှစ်ဆယ်တန်းလောက်မှာ ဖြစ်ခဲ့တာပါ။ စစ်တပ်ဖက်ကတော့ အထိအခိုက် ရှိတယ်လို့ ကြားရတယ်” ဟု အဆိုပါဒေသခံကပြောသည်။

နှစ်နာရီခန့်ကြာ ပစ်ခတ်သံများကြားရပြီးနောက် ညနေ ၆ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ တိတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲမှာ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခြင်း မဟုတ်ဘဲ လေညာ-ရတနာပုံ လမ်းခွဲအတွင်း ဖြစ်သည့်အတွက် ခရီးသည်ကားများ ပုံမှန်သွားလာလျှက်ရှိကြောင်း လေညာ ဒေသခံများက ဆိုသည်။

လေညာ-ရတနာပုံလမ်း ၁၈ မိုင်နှင့် မိုင် ၂၀ အကြား စစ်ကောင်စီတပ်နှင့် ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (KDDF) ၊ Fly Stars ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း (KDDF) က ယနေ့ (မေ ၆) နေ့လယ်တွင် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ကြပ်ကြီးတစ်ဦး သေဆုံးကာ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွင်မူ ထိခိုက်မှုမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက် ရေးသားထားသည်။

တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့်မူ သီးခြားအတည်ပြုချက် မရရှိသေးပေ။

ဧပြီလ ၂၃ ရက်ညကလည်း လေညာ-ရတနာပုံ လမ်းခွဲအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီ တပ်တို့ နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ယင်းတိုက်ပွဲမှာ လေညာ-ရတနာပုံ လမ်းခွဲအနီးတွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲဖြစ်သည်။