ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် မြန်မာလုပ်သား ၁၅၆ ဦး အစုလိုက်ဖမ်းဆီးခံရ

0
457
ဖမ်းဆီးရမိသော မြန်မာလုပ်သားများ

ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တာခ့်ခရိုင် တောင်တန်းပေါ်တွင် လမ်းလျှောက်လာနေသော တရားမဝင် နယ်စပ်ဖြတ်ကျော် မြန်မာလုပ်သား ၁၅၆ ဦးကို ယနေ့မေလ ၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ဝမ်ကျောက်ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

ဖမ်းဆီးခံရသော မြန်မာလုပ်သားများသည် တာခ့်ခရိုင်၊ ဝမ်ကျောက်မြို့နယ် ထုံချိုင်းတောင်တန်းမှတစ်ဆင့် ကရာ့‌‌ေပါ‌ေတာင်တန်းဆီသို့  ဦးတည်လမ်းလျှောက်‌နေသည်ကို ဝမ်ကျောက်ရဲစခန်းက ကြိုတင်သတင်းရရှိပြီးနောက် ထိုင်းရဲတပ်ဖွဲ့များမှ ပူးပေါင်းဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူမြန်မာလုပ်သား ၁၅၆ ဦးထဲတွင် အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၇၃ ဦးတို့ပါဝင်ကြသည်။

ဖမ်းဆီးမိသူများကို ကား ၁၂ စီးဖြင့် ဝမ်ကျောက်ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး ကိုဗစ်ပိုးရှိမရှိစစ်ဆေး၍ ထိုင်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ဆိုသည်။

ပြီးခဲ့သောနေ့ မေလ ၅ ရက်နေ့တွင်လည်း ကော့သောင်း-ရနောင်း နယ်စပ်မှတစ်ဆင့် စဒေါင်းခရိုင်အထိ ဘတ်‌ ၃၀၀၀၀ (ကျပ် ၁၇သိန်းခန့်) ပေးဆောင်၍ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာလုပ်သား ၁၄ ဦး(အမျိုးသား ၁၀ဦး၊ အမျိုးသမီး ၄ ဦး)ကို ထိုင်း-မလေးရှားနယ်စပ်တွင် ဖမ်းဆီးရမိသေးသည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မေလ ၁ ရက်နေ့တွက် ထိုင်းနယ်စပ်ဂိတ်များကို ဖွင့်လှစ်ခဲ့သော်လည်း မြန်မာနိုင်ငံ တာဝန်ရှိသူများထံမှ ညွှန်ကြားမှုမရရှိသေးသည့်အတွက် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ခြင်းမရှိ‌သေးပေ။

ကိုးကား Thaicrime Online , MGR Online