လောင်းလုံးတွင် တွေ့ရှိသောအလောင်းမှာ ဖမ်းဆီးခံထားရသည့် ပန်းဒလဲကျေးနုတ်ပြင်ရွာသားဖြစ်နေ

0
619

လောင်းလုံးမြို့နယ်၊ သာယာကုန်းရွာအနီး ထန်းပင်တန်းလမ်းတွင်တွေ့ရှိရသော လူသေအလောင်းမှာ အမည်မသိလူတစ်စု ဖမ်းဆီးသွားသည့် ပန်းဒလဲကျေးနုတ်ပြင်ရွာသားဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မေ ၃ ရက်(ယမန်နေ့)က သာယာကုန်းရွာအနီး ထန်းပင်တန်းလမ်းတွင် လက်ပြန်ကြိုးတုတ်၍ ဦးခေါင်း ၊လက်မောင်းများတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူသေအလောင်းတစ်ခုကို ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ လည်ပင်းတွင်လည်း အပြာရောင်အဝိုင်း၌ “လေဟုန်ပြင်းပြင်းအနီရောင်ကိုရှင်း စွန်ရဲအဖွဲ့” ဟူသောစာတန်းနှင့် တနင်္သာရီကျွန်းဆွယ်ကို စွန်ကုတ်ထားပုံ ရေးဆွဲထားသည့်တံဆိပ်ပါ ကြိုးကိုဆွဲပေးထားကြောင်း တွေ့ရသည်။

သေဆုံးသူမှာ ပန်းဒလဲကျေးနုတ်ပြင်ရွာနေ ဦးသိန်းနိုင် ဒေါ်ခင်လေးနွဲ့၏သားဖြစ်ပြီး အသက် သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သူ ကိုအောင်သူဟိန်း(ခေါ်) သားကြီး ဆိုသူဖြစ်ကြောင်း အရပ်ဝတ်လက်နက်ကိုင်လေးဦးက ဧပြီလ ၄ ရက်နေ့တွင် လာရောက်ဖမ်းဆီးသွားကတည်းက သတင်းမကြားရတော့ခြင်း ဖြစ်သည်ဟု ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပြသည်။

“မနေ့က ဆေးရုံကြီးရောက်တဲ့ အသိတစ်ယောက်က သားကြီးနဲ့ တူလို့ လာကြည့်ပါဆိုလို့ သွားကြည့်မှ သိတယ်”ဟု ဆွေးမျိုးနီးစပ်သူတစ်ဦးကပြောသည်။

သေဆုံးသူမှာ မြောင်းပေါက်ရွာသူနှင့်အိမ်ထောင်ကျပြီး နောက် ကျေးနုပြင်ရွာတွင် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သေဆုံးချိန်တွင် ဇနီး၊ လေးလအရွယ်သားတစ်ဦးနှင့် သုံးနှစ်အရွယ် သမီးလေးတစ်ဦးကျန်ခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။