သတ်ဖြတ်ခံရမှုများကြောင့် ပြည်သူများ ညမထွက်ရန် PDF ပူးပေါင်းအဖွဲ့နှိုးဆော်

0
255

လောင်းလုံးတွင် ယခုရက်ပိုင်း ပြည်သူများ သတ်ဖြတ်ခံရမှုဆက်တိုက် ဖြစ်လာနေမှုကြောင့် ဒေသခံများ ညမထွက်ကြရန် PDF ပူးပေါင်းအဖွဲ့သုံးဖွဲ့က ယ‌နေ့ ရက်စွဲဖြင့် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။

ယနေ့ မနက်ပိုင်းက သာယာကုန်းကျေးရွာအနီးတွင် သတ်ဖြတ်ခံထားရသော အမျိုးသား အလောင်းတွေရှိရပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ညဖက်ဆို သေနတ်သံတွေကြားရတယ် ပျူစောထီးအဖွဲ့တွေရော PDF အဖွဲ့တွေရော သွားနေကြတယ်ဆိုတော့ မလိုလားအပ်ပဲ ပြည်သူ‌ တွေထိခိုက်မှာစိုးလို့ ထုတ်ပြန်တယ် ထင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လောင်းလုံးမြို့နယ်နေ ပြည်သူများ ည ၈ နာရီမှ မနက် ‌၄ နာရီအထိ လမ်းပေါ်သွားလာခြင်းမပြုရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်ကို Launglone People Defence Force(LLPDF)အပါဝင် Nway Oo Guerrilla Force နှင့် Dawei Defense Team(DDT) စသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ပေါင်း၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်းတွေ့ရသည်။

စွန်ရဲတံဆိပ်ပါ ပျူစောထီးအဖွဲ့၏ တံဆိပ်များ အသုံးပြု၍ သတ်ဖြတ်မှုများ ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နယ်မြေလုံခြုံရေးအတွက် ညမထွက်ရန် နှိုးဆော်ထားခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ထပ် ထုတ်ပြန်ချက်အသစ်တစ်ခု မထုတ်ပြန်မီအထိ ယင်းထုတ်ပြန်ချက်အတိုင်း လိုက်နာပေးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

လောင်းလုံးတွင် ဧပြီ ၂၈ ရက်မှ မေ ၃ ရက်နေ့အထိ ငါးရက်အတွင်း ပျူစောထီးအဖွဲဝင်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့သလို အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLD ပါတီဝင် နှစ်ဦး၊ ယနေ့အရပ်သားတစ်ဦးတို့လည်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုခံခဲ့ရသည်။

ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြား နှစ်ဖက်တင်းမှာမူကြောင့် ထိတွေပစ်ခတ်မှုများ ရှိလာကာ ပန်းဒလဲရွာသား အချို့ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟုလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။