“ရှေ့ဆက်ပြီး …. ဒီထက်ဒုက္ခဖြစ်ဖို့များမယ်”

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တနင်္သာရီ ပုံရိပ်များ

စစ်ကောင်စီလက်ထက် အသစ်ပြဌာန်းသော စည်းမျဉ်းအရ ယခုနှစ်ငါးမဖမ်းရရာသီမှာ ဧပြီ၊ မေ၊ ဇွန် လများအဖြစ် ရှေ့တိုးပြောင်းလဲသတ်မှတ်ထားသည်။

နော်ဝေသုတေသနသင်္ဘော၏ တွေ့ရှိချက်အရ မြန်မာ့ပင်လယ်ပြင်တွင် ငါးများလျော့နည်းလာသဖြင့် ငါးသားပေါက်ရာသီအပြင် ငါးဥ ဥသည့် ရာသီကိုပါ ထိန်းသိမ်းရန်လိုလာသည့်အတွက်ဟုဆိုကာ ငါးမဖမ်းရရာသီကို စစ်ကောင်စီက ပြောင်းလဲသတ်မှတ်ခဲ့သည်။

ထို့ကြောင့် မြန်မာ့ပင်လယ်အတွင်း ငါးမဖမ်းရ ရာသီ ပုံမှန် ဇွန်၊ ဇူလိုင်၊ ဩဂုတ် ရပ်နားနေရာမှ ၂၀၂၁ ခုနှစ် မှ စပြီး မေ၊ ဇွန်၊ ဇူလိုင်တွင် ရပ်နားခဲ့ရသည်။ တစ်နှစ်လျှင် တစ်လစီရှေ့တိုး သတ်မှတ်မည်ဆိုသဖြင့် ယခုနှစ် ၂၀၂၂ တွင် ငါးမဖမ်းရ ရာသီမှာ ဧပြီတွင် စတင်ခြင်းဖြစ်သည်။

ယင်းကြောင့် ကမ်းဝေးငါးဖမ်းလှေ လုပ်သားများမှာ အလုပ်မရှိသည့် ကာလကို စတင်ဖြတ်သန်းနေရပြီ ဖြစ်သည်။

ပြည်တွင်း နိုင်ငံရေးအခြေအနေများကြောင့် အလုပ်အကိုင်ရှားပါးသဖြင့် လှေနားချိန်အခြားအလုပ်တစ်ခု ရဖိုလည်းမလွယ်ကူ၊ ကုန်စျေးနှုန်းကလည်း အဆမတန် မြင့်မားလာမှုကြောင့် တစ်ရက်တစ်ရက် စားစရိတ်ရဖို့ပင် များစွာခက်ခဲသည့် အနေအထားရောက်နေသည်။

ငါးဖမ်းလုပ်သားမိသားစု ဖြစ်သော်လည်း စျေးအပေါဆုံးငါးပင် စားရန်မတတ်နိုင်သည့် အခြေအနေကို ကြုံတွေ့လာနေရသည်။

ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် မြိတ်မြို့ မြိတ်တောင်နယ်မြေမှ ရေလုပ်သားမိသားစုအချို့ကို ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်းရပ်ကွက်မှ ရေလုပ်သား ၂ ဦး၏မိခင်

DW ။ အဒေါ်ရဲ့သားတွေက ကမ်းဝေးလှေလိုက်တာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ။ အဆင်ပြေကြလား။

ဖြေ လှေလိုက်တာ ငါးနှစ်လောက်ရှိပြီ၊ အရင်ကအဆင်ပြေတယ် အခုက သိပ်အဆင်မပြေဘူး၊ မပိုလျှံဘူး၊ စားသောက်ဖို့ အဆင်ပြေရုံလောက်ပဲ။

DW ။ ဘာကြောင့်သိပ်အဆင်မပြေတာလဲ၊ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ ဆက်စပ်တယ် ထင်သလား။

ဖြေ ။ အဒေါ်တို့က နိုင်ငံရေးသိပ်နားမလည်ဘူး ကိုဗစ်တွေဘာတွေမဖြစ်တုန်းကဆိုရင် သားတွေပေးတဲ့ကြေးပြား(ငွေ)နဲ့ စားသောက်ဖို့ရော ပိုလျှံတာတွေလည်းရှိတာ စုဆောင်းတာရော လှူဖို့တန်းဖို့ပိုလျှံတာပေါ့။ အခုက နိုင်ငံရေးလည်းမကောင်း၊ ကုန်ဈေးနှုန်းက တအားတက် အခုစားနေတာပဲကြည့် လူရော ကြောင်အတွက်ပါ စားလို့ရအောင် ဈေးပေါတဲ့ငါးတွေနဲ့စားနေရတာ။

DW ။ ကုန်ဈေးနှုန်းလည်းတက်တယ်၊ ရတဲ့ငွေနဲ့လည်း အဆင်မပြေဘူးဆိုတော့ ငါးဖမ်းလှေနားနေတဲ့အချိန်တွေမှာ ဘယ်လိုရှေ့ဆက်သွားနေကြပါသလဲ။

ဖြေ ။ ဒီကြားထဲမှာတော့ အငယ်ကောင်က ပန်းကြားပန်းကြား(တစ်ခါတစ်လေ) ပိတ်သကာ(လက်သမား အလုပ်ကို ဒေသအသံထွက် အတိုင်းဖော်ပြပါသည်)လိုက်လုပ်တယ်။ ပန်းရံလိုက်လုပ်တယ်။ အကြီးကောင်က ဂဏန်းခုတ်(သံမြှုံးဖြင့် ဂဏန်းဖမ်းခြင်း)ထွက်တယ် ရတဲ့ကြေးပြားအကုန်လာပေးတယ်။ ကျန်တာအဒေါ်က စီစဉ်တာပေါ့။

DW ။ ငါးဖမ်းနားတဲ့လက ၂ လကျန်သေးတယ်။ ရှေ့ဆက်ပြီးတော့ အဆင်ပြေအောင် ဘယ်လိုလုပ်ဖို့ရှိလဲ။

ဖြေ ။ အဒေါ်တို့က နိုင်ငံရေးသိပ်နားမလည်တော့ အဆင်ပြေအောင် ဒီလိုပဲရတာနဲ့ပဲ လောက်ငှအောင် စားသောက်ပြီးသွားရမှာပဲ။ ကျန်တာဘာမှမပြောတတ်ဘူး။

မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၄ ရပ်ကွက်မှ ရေလုပ်သားတစ်ဦး၏ အသက် ၅၀ နှစ်အရွယ် မိခင်

DW ။ အဒေါ်ရဲ့သားက လှေလိုက်နေတာဆိုတော့ အလုပ်အကိုင် အဆင်ပြေရဲ့လား။

ဖြေ ။ အဆင်ပြေရယ်တော့ ဘယ်ဟုတ်မလဲ၊ ရတဲ့ကြေးပြား ဆယ်သိန်းကျော်က အပေါင်ထားတဲ့ ပုတီး(ရွှေဆွဲကြိုး)ရွေးလိုက်တယ်၊ ကျန်တာမီးဖိုး၊ ရေဖိုးနဲ့ ပေးစရာရှိတာတွေပေးရတော့ ကုန်သွားပြီ၊ တစ်ရက်တည်းကုန်သွားတာ။

DW ။ ရတဲ့ငွေအားလုံးက တစ်ရက်တည်းကုန်သွားတာဆိုတော့ အခုလို လှေနားထားရတဲ့အချိန်မှာ အိမ်အတွက် ဘယ်ဖြေရှင်းနေရတာလဲ။

ဖြေ ။ စက်ချုပ်တဲ့အလုပ်ပေါ့၊ အခုအလုပ်ပါးနေတယ် တအားပါးတယ် ကိုဗစ်ဖြစ်ပြီးကတည်းက အလုပ်တအားပါးနေတာ ကြေးပြားသိပ်မရဘူး တစ်ရက်တစ်ရက် ဈေးဖိုးလေးတောင် မမီဘူး။

DW ။ ဒီလိုဖြစ်နေတာတွေက ဘာကြောင့်လို့ ထင်လဲ။

ဖြေ ။ အားလုံးပဲ ကုန်ဈေးနှုန်းရော၊ ကိုဗစ်၊ နိုင်ငံရေးရော၊ အရင်က ဒါတွေမဖြစ်ခင်ကဆို တစ်ရက်တစ်ရက် လေးသောင်း၊ ငါးသောင်းအထိရတာ၊ အခုအကုန်ကျပ်ကုန်တာ အခုဆိုရင် လှေနားပြီဆိုရင် အလုပ်လက်မဲ့တွေ ဖြစ်နေကုန်ပြီပေါ့။

DW ။ ခုအချိန်မှာရော စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းနေပါသလဲ။

ဖြေ ။ အခြားအလုပ်လည်းမရှိဘူး၊ စက်ချုပ်လို့ရတဲ့ကြေးပြားနဲ့ လုံးပန်းနေရတာ၊ ရှေ့ဆက်ပြီး ဒီလိုပဲသွားမယ် ဒီထက်ဒုက္ခဖြစ်ဖို့များမယ်။

ကျွန်းစုမြို့နယ် ပန်းဇင်ကျေးရွာမှ ကမ်းဝေးဝါးတန်းလှေတွင် ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူ၏ ဇနီး

(ကမ်းဝေးဝါးတန်းလှေသည် ငါးဖမ်းရာသီသိမ်းပြီးနောက် နှစ်ချုပ်အနေဖြင့် ရောင်းရသည့်သားငါးတို့၏ အမြတ်ငွေတို့မှ ရေလုပ်သား၊ စက်ဆရာ၊ ပဲ့နင်း၊ ငါးဆရာ စသဖြင့် အစုငွေတို့အား အချိုးကျခွဲဝေပေးသည့်လုပ်ငန်းတစ်ခုသည်။ ရေလုပ်သားတစ်ဦးလျှင် တစ်နှစ်စာ ကျပ်သိန်းနှစ်ဆယ်မှ သိန်းလေးဆယ်အထိ ရရှိလေ့ရှိကြသည်)

DW ။ အမျိုးသားရဲ့ အလုပ်ကရတဲ့ဝင်ငွေက မိသားစုအတွက် အဆင်ပြေလုံလောက်မှုရှိရဲ့လား။

ဖြေ ။ ရတဲ့ကြေးပြားလား တစ်နှစ်ကို သိန်းနှစ်ဆယ်ကျော် သုံးဆယ်လောက်ပဲ၊ တစ်နှစ်လုံးလှေလိုက်တာ အိမ်အတွက်ရော လှေထွက်စရိတ်ရော လိုတဲ့ကြေးပြားကို အတိုးနဲ့ချေးထားရတာ၊ ဘယ်လောက်မလဲ ရတဲ့အခါကျရင် အကြွေးဆပ်တာနဲ့ကုန်ပြီ၊ ဒါတောင် လှေနားခါကျရင် စားသောက်ဖို့ နည်းနည်းလောက်ချန်ထားရသေးတယ်လေ။

DW ။ အခုလို ကိုဗစ်ဘေး၊ နိုင်ငံရေးအပြောင်းအလဲနဲ့ ကုန်ဈေးနှုန်းတွေကြီးမြင့်လာတော့ အရင်နဲ့စာရင် ဘာတွေကွာခြားမှုရှိမလဲ။

ဖြေ ။ ပိုတောင်ကျပ်လာသေးတာ၊ မလွယ်ဘူး၊ အရင်က နည်းနည်းအသက်ရှု ချောင်သေးတယ်၊ အခုက အစစအရာရာ ဈေးကြီးနေတာ ဘာပဲဝယ်ဝယ် ဈေးကြီးစ၊ ဒီနေ့ဈေးတစ်မျိုး နောက်တစ်နေ့ဆို တစ်မျိုးဖြစ်နေတာလေ။

DW ။ လှေနားထားရတဲ့အချိန်တွေမှာရော စားဝတ်နေရေးအတွက် ဘယ်လိုကျော်ဖြတ်နေရလဲ။

ဖြေ ။ လှေနားရင်လား၊ လှေနားတဲ့အခါ ရွာမှာပဲ ပိတ်သကာ(လက်သမား အလုပ်ကို ဒေသအသံထွက် အတိုင်းဖော်ပြပါသည်)အလုပ်ထွက်လုပ်ခိုင်းတယ်။ အိမ်ဆောက်တဲ့အလုပ်ကလည်း အမြဲမရှိဘူး၊ သစ်ဝါးတွေလည်း ဈေးကြီးတော့ မဆောက်နိုင်ကြဘူး။

DW ။ အခြားဖြည့်စွတ်ပြောချင်တာများ ရှိပါသလား။

ဖြေ ။ ဘာကိုပြောရမလဲ၊ ခေတ်မကောင်းဘူးပေါ့၊ အရင်လို ကိုဗစ်တွေဘာတွေမရှိတာပဲ လိုချင်တယ်။

မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုလည်းဖြစ်သည်။ သို့သော်ယခုနှစ်များတွင် ကိုဗစ်ကပ်ဘေးနှင့် ဆိုးရွာသည့်နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ယိုယွင်းကျဆင်းမှုများ ကြုံတွေ့နေရသည်။ ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိနိုင်စေရန် Dawei Watch ကဒေသခံများကို မေးမြန်း၍ အပတ်စဉ် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။