မြိတ်တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်အတူစီးလျှင် အဖမ်းခံရမှု၊ စစ်ဆေးခံရမှု ဆက်တိုက်ရှိလာ

0
360

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်စီးသူများကို စစ်ဆေးမှုများလုပ်ဆောင်နေပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလျှင်မူ ဆိုင်ကယ်ဖမ်းဆီးခံရကြောင်း ကိုယ်တိုင်ကြုံရသူများနှင့် မြို့ခံအချို့ထံမှ သိရသည်။

မြိတ်ကမ်းနားလမ်းနှင့် မြို့တွင်းရှိ လမ်းဆုံလမ်းခွတို့တွင် အမျိုးသားနှစ်ဦး အတူစီးလာသည့် မော်‌တော် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးနေကြောင်း ဆိုင်ကယ်ကယ်ရီသမားအချို့က ပြောသည်။

“ညဘက်ပဲ ဖမ်းတာ။ (ဆိုင်ကယ်) ပြန်ထုတ်ပေးမယ့်နေ့ကို ရက်ချိန်းပေးလိုက်တယ်” ဟု အမျိုးသားနှစ်ဦး အတူစီးလာသဖြင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပြသည်။

ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြိတ်တောင်နယ်မြေရှိ လမ်းမကြီးပေါ်တို့တွင် အမျိုးသားနှစ်ဦးအတူ စီးနင်းလာသည့် ဆိုင်ကယ်တို့အား မော်တော်ယာဉ်များဖြင့် လိုက်လံဖမ်းဆီးနေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောပြသည်။

ယခုရက်ပိုင်းအတွင်းမှာပင် နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ ညဘက် ဆေးခန်းမှပြန်လာစဉ် အသက် ၁၅နှစ် အရွယ် ယောင်္ကျားလေးတစ်ဦးကို တင်ဆောင်လာသဖြင့် စစ်ဆေးမေးမြန်းခံရကြောင်း ဆိုင်ကယ်ကယ်ရီ သမား ပြောသည်။

“နှစ်ယောက်အတူ မစီးရတာကို မသိရှိဘူးလား” ဟု မေးမြန်းခံရကြောင်း ၎င်းက ဆိုသည်။

အမျိုးသားနှစ်ဦး အတူမစီးရသည်ကို သိသော်လည်း ညဘက်ဖြစ်နေသဖြင့် လမ်းကြုံတင်ဆောင် လာခဲ့ခြင်းသာဖြစ်သည်ဟု ဖြေကြားပြီးမှ ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါ ကယ်ရီသမားက ပြောဆိုသည်။

အမျိုးသမီးများ ဆိုင်ကယ်စီးလျှင်လည်း စစ်ဆေးမှုများရှိနေသည်။

ဧပြီလ ၂၇ ရက်နေ့က ညဘက်တွင် အမျိုးသမီးနှစ်ဦးအတူ ဆိုင်ကယ်စီးပြီး ပုဂ္ဂလိကဆေးရုံတစ်ခုမှ ပြန်လာစဉ် စစ်ဆေးခံရကြောင်း ကာယကံရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

ပေါက်ခွဲရေးပစ္စည်းများ ပါမပါ ဖင်ထိုင်ခုံခွက်ကို စစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးသည့် ဆိုင်ကယ်များကို ယာဉ်ထိန်းရဲစခန်းသို့ ပို့ဆောင်ပြီး ပေးထားသည့် ရက်ချိန်းတွင် ဒဏ်ကြေး ပေးဆောင်ကာ ပြန်လည်ရွေးယူရမည်ဖြစ်ကြောင်း ဆိုင်ကယ်အဖမ်းခံထားရသူအချို့ထံမှ သိရသည်။

ဒဏ်ကြေးငွေ မည်မျှပေးဆောင်ရမည်ကို မသိရှိရသေးကြောင်း ၎င်းတို့က ဆိုသည်။

“မိန်းကလေး (ကယ်ရီ) ခေါ်တာလည်း မလိုက်ရဲတော့ဘူး။ တအားဖမ်းနေကြတာ” ဟု အသက် ၄၀ နှစ်ရှိ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းမှစတင်ကာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးခွင့်ကို စစ်ကောင်စီဘက်က တားမြစ်ကန့်သတ်ချက် ထုတ်ပြန်ထားခဲ့သည်။

ဆိုင်ကယ်စီးလျှင် အမျိုးသားတစ်ဦးတည်း (သို့) ဆိုင်ကယ်စီးသူ အမျိုးသားတစ်ဦးနှင့် နောက်မှ ထိုင်လိုက် သူ အမျိုးသမီးတစ်ဦး အတူတူတွဲစီးခြင်း၊ အမျိုးသမီးနှစ်ဦးတွဲ၍ စီးခြင်းတို့ကိုသာ ခွင့်ပြုထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် ရပ်ကွက်အတွင်း မော်တော်ယာဉ်တို့ဖြင့် ရှောင်တခင် လှည့်လည်ဖမ်းဆီးပြီး ဆိုင်ကယ်တစ်စီးလျှင် ငွေခုနှစ်သောင်း၊ တစ်သိန်းခွဲ စသဖြင့် ဒဏ်ရိုက်ပြီး ပြန်ပေးလေ့ရှိခဲ့ကြောင်း ဆိုယ်ကယ်ကယ်ရီသမားအချို့က ပြောသည်။

ပြီးခဲ့သည့် လများတွင် တစ်ခါတစ်ရံသာ စစ်ဆေး၊ ဖမ်းဆီးလေ့ရှိသော်လည်း လက်ရှိတွင် အင်အား အများအပြားဖြင့် စစ်ဆေး၊ ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်မြို့တွင် ဧပြီလ ၂၃ ရက်နေက အောင်မင်္ဂလာရပ်ကွက် စာသင်ကျောင်းအနောက်ဖက်တွင် ဗုံးပေါက်ကွဲ ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အစစ်အဆေး အဖမ်းအဆီးများ ပြန်လည် လုပ်ဆောင်လာကြောင်း မြို့ခံများထံမှ သိရသည်။ ဧပြီ ၂၅ရက်နှင့် ၂၈ ရက်နေ့တို့တွင် မြိတ်မြို့က လူငယ်နှစ်ဦး ဖမ်းဆီးခံရသည်။