ပုလော၊ ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အိမ်အချို့မီးလောင်၊ ရွာသားများထွက်ပြေး

0
772

မြိတ်ခရိုင် ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး နေအိမ်အချို့မီးလောင်ကာ ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

ကျောင်းနိမ့်ကျေးရွာတွင် ယနေ့(မေ ၁) မွန်းလွဲ ၁ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီဖက်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“အိမ်တွေလည်း မီးတွေလောင်နေတာ မြင်နေရတယ်” ဟု ကျောင်းနိမ့်ကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် ဂျက်ဂါရွာက ရွာသားတစ်ဦးကပြောသည်။

နေအိမ်မည်မျှလောက်ကျွမ်းခဲ့သည်ကိုမူ လတ်တလောတွင် မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။

မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီးခိုးလုံးများ ထွက်ပေါ်လာပြီး ညနေ ၅ နာရီခန့်တွင် မီးခိုးများ တိတ်သွားကြောင်း ဂျက်ဂါကျေးရွာသားများကပြောပြသည်။

ည ၅ နာရီခွဲအချိန်တွင် လက်နက်သံများစဲသွားကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရှိရသေးကြောင်း ၎င်းတို့ကပြောသည်။

ကျောင်းနိမ့်ကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ပုလောမြို့နှင့် လေးမိုင်ခန့်သာဝေးသည့် ကျေးရွာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏထိပ်တိုက်တွေ့ကာ တိုက်ပွဲငယ်များ ဖြစ်လေ့ရှိသည်။