တောင်ပျောက်တိုက်နယ် ကျွဲခြံဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည်စများထိမှန်

0
579

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ကျွဲခြံရွာဘုန်းကြီးကျောင်းမုဒ်ဝတွင် လက်နက်ကြီးကျည် လာကျပြီး ကျောင်းကို ကျည်စများထိမှန်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သဲချောင်းကြီးရဲကင်းစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီး ကျည်စများထိမှန်ခဲ့သည့် ကျွဲခြံရွာဘုန်းကြီးကျောင်းမှာ ရွာလယ်တည့်တည့်တွင် တည်ရှိပြီး ဘုန်းကြီးကျောင်းတွင် သံဃာတစ်ပါး၊ ကိုရင်နှစ်ပါး၊ ဘုန်းကြီးကျောင်းသားလေး နှစ်ပါးနေထိုင်သည်ဟု ကျွဲခြံရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်း မုဒ်ပေါက်ဝမှာ လာကျတယ်၊ စင်တာက ဘုန်းကြီးကျောင်းရေချိုးခန်းမှာလဲ လာစင်တယ်၊ ဓမ္မာရုံမှာလည်း လာစင်တယ်၊ ပြီးတော့ စင်္ကြာလမ်းတစ်လျောက်မှာ ကနုတ်ပန်းတွေမှာလည်း လာစင်တယ်၊ စတီးဝရန်တာတွေမှာလည်း လာထိတယ်၊ ခွေးတစ်ကောင် အဲဒီလက်နက်ကြီးထိပြီးသေတာပဲ၊ ဘုန်းကြီးကျောင်းက မွေးထားတဲ့ခွေးပဲ” ဟု ဒေသခံအမျိုးသမီးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးများဖြင့် ညစဉ်လိုပစ်ခတ်မှုကြောင့် ကိုယ့်အိမ်တွင် ကိုယ်မအိပ်ရဲသည့် ဒေသခံများမှာ ကျွဲခြံရွာဘုန်းကြီးကျောင်းတွင် မတ်လကုန်ခန့်ကအထိ စုပေါင်း အိပ်စက်နေကြခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကျွဲခြံရွာဒေသခံများမှာ ဘုန်းကြီးကျောင်းတွင်လည်း ညမအိပ်ရဲကြတော့သဖြင့် လက်နက်ကြီးလွတ်ရာ တောစပ်နှင့် အခြားနေအိမ်များတွင် စုပေါင်း အိပ်စက်ကြရသည်ဟု ဒေသခံအချို့က ပြောသည်။

သဲချောင်းကြီးရွာနှင့် ကျွဲခြံရွာကြားတွင် ပေ ၈၀ အကျယ်ရှိသော ချောင်းတစ်ခုသာ ခြားပြီး သဲချောင်းကြီးရွာ၏ ဘယ်ဘက်ချောင်းတစ်ဖက်ကမ်းတွင် ကျွဲခြံရွာ၊ ဝင်းကဖော်ရွာ၊ ကျောက်အိုင်၊ မယ်ကဲ၊ ရေဗြက်ရွာများရှိပြီး ညာဘက်တွင် အလယ်စုရွာ၊ ဗြက်ဝိသားရွာ၊ တောင်ပျောက်ရွာ၊ ရေပူရွာများရှိသည်။

သဲချောင်းကြီးရဲကင်းစခန်းမှ ပစ်သည့်လက်နက်ကြီးမှာ ၎င်းနှင့်အနီးစပ်ဆုံး ကျွဲခြံ၊ ဝင်းကဖော်ရွာဘက်ကိုသာ အရောက်များပြီး ကျန်ရွာများထိ မရောက်ဟု ဒေသခံအချို့က ပြောသည်။