ထားဝယ်တွင် တညင်းသီးအထွက်နည်း၍ ဈေးကောင်းရ

0
264

တနင်္သာရီတိုင်းတွင် ယခုနှစ်တညင်းသီး အထွက်နည်း၍ ထားဝယ်ထွက်တညင်းသီးများ စျေးကောင်းရနေကြောင်း ခြံပိုင်ရှင်များထံမှသိရသည်။

ယခုနှစ်ရာသီအစတွင် တညင်းသီးတစ်ခြင်း (ငါးထည့်ခြင်းအလတ်စားတစ်ခြင်း)ကို နှစ်သောင်းကျပ် အထိပေး၍ ရွာအထိဆင်းဝယ်နေကြပြီး ယမန်နှစ်က ရာသီအစထက် ငွေကျပ်ရှစ်ထောင်ခန့် ဈေးပိုရရှိသည်ဟု ခြံပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်ခါမှ ဒီဈေးမရဖူးဘူး။ ပေါလာရင်တော့ ဈေးကျနိုင်တယ် “ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလခန့်က မိုးရွာခြင်း၊ နှင်းခါးထိခြင်းတို့ကြောင့် ယခုနှစ်တညင်းသီး အထွက်နှုန်းသိသိသာသာ လျှော့နည်းကြောင်း ခြံပိုင်ရှင်တစ်ဦးကလည်းဆိုသည်။

“အရင် တစ်ပင်ခူးရင်တောင် ငါးခြင်းလောက်ရတဲ့ပင်ရှိတယ်။ အခုက သုံးပင်ခူးတာတောင် သုံးခြင်းနဲ့တစ်ဝက်ပဲရတယ်”ဟု ၎င်းကပြောသည်။

ထားဝယ်တွင် တညင်းသီးကို သင်္ကြန်ပြီးအချိန်လောက်မှစပြီး ဆွတ်ခူးလေ့ရှိကြပြီး ကဆုန်လလောက်တွင် ခြံရှင်းခူးရောင်းလေ့ရှိကြသည်။

“မနှစ်က ဆယ်လုံးကို တစ်ရာလေ။ အခုနှစ်က ဆယ်လုံးကို ခုနှစ်ရာလောက်ပေးဝယ် နေရတယ်”ဟု ထားဝယ်မှ မုံရွာဘက်ပို့နေသော ကုန်သည်တစ်ဦးကပြောသည်။

ထားဝယ်ရှိ ပွဲရုံကြီးအချို့ကမူ ယခုနှစ် တညင်းသီးရှားပြီး စျေးတက်နေသဖြင့် မဝယ်သေးဘဲ စောင်ကြည့်နေသည် ဟုဆိုသည်။

ထားဝယ်ဒေသထွက် ဒညှင်းသီးကို ရန်ကုန် သီရိမင်္ဂလာဈေးသို့ အဓိကတင်ပို့ရောင်းချပြီး မော်လမြိုင်၊ ပဲခူး၊ ညောင်လေးပင်၊ မုံရွာ၊ ရခိုင်ပြည်နယ်များသို့လည်း ပွဲရုံများမှ တစ်ဆင့် တင်ပို့ရောင်းချသည်ဟု သိရသည်။