ပုလောတွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ၍ စစ်ကားနှစ်စီးပျက်စီးဟုဆို

0
408

တနင်္သာရီတိုင်း၊ ပုလောတွင် စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရပြီး ကားနှစ်စီးမီးလောင်ပျက်စီးကာ အထိအခိုက်အကျဆုံးများရှိနိုင်ကြောင်း ဒေသခံများကပြောဆိုသည်။

ယနေ့ (ဧပြီ ၂၃) နံနက် ၁ နာရီဝန်းကျင်က ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာနှင့် ကဒဲကျေးရွာ အကြား ကားလမ်းမကြီးပေါ်တွင် ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများ ၁ နာရီနီးပါးခန့်ကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။

“ပထမပေါက်ကွဲသံက မိုးကြိုးပစ်လိုက်သလို အကျယ်ကြီးပဲ နောက်ပေါက်ကွဲတဲ့အသံတွေက နဲနဲတိုးတယ်”ဟု ရွာသားတစ်ဦးကဆိုသည်။

ပေါက်ကွဲသံများနှင့်အတူ အပြန်အလှန်ပစ်ခတ်သံ၊ လက်နက်ကြီးပစ်သံများလည်း ၁ နာရီနီးပါးခန့်ကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။

“မိုးလင်းလို့ထွက်ကြည့်တော့ သင်္ကန်းတောမှာကားတစ်စီးမီးလောင်ပြီး ပက်လက်လန်နေတာတွေ့ရတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ပုလောပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့နံနက်ပိုင်းတွင် ယင်းအဖွဲ့က ထုတ်ပြန်လိုက်သည်။

မြိတ်ဘက်မှလာသည့် စစ်ကား ၁၂ စီးပါယာဉ်တန်းအား သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျော်ထွက်လာသည့်ယာဉ်တန်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကား ၂ စီးမီးလောင်ကာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကျဆုံးခဲ့ကြောင်း၊ စစ်ကား ၁၂ စီးအနက် ၄ စီးသာထားဝယ်ဘက်သို့ တက်သွားနိုင်ကြောင်း၊ သေဆုံးသည့် အလောင်းများကို ပုလော ၂၈၅ တပ်ရင်းသို့ သယ်ဆောင်သွားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။