မြိတ်တွင် ဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

0
330

မြိတ်မြို့တွင် ယနေ့ (ဧပြီ ၂၃) နံနက် ၁၀ ဝန်းကျင်က ဗုံးတစ်လုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက် အမှတ် (၉) အထက်တန်ကျောင်း အနောက်ဖက်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အသံကကြမ်းတယ်။ မီးခိုးလုံးတွေလည်း ထွက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။

ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၏ လက်နှစ်ဖက်တွင် ဒဏ်ရာ အနည်းငယ်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကျောပိုးအိပ်ကို သွားကောက်လိုက်ချိန် ပေါက်ကွဲသွားတယ်လို့ ကာယကံရှင် ဒဏ်ရာရသူကိုယ်တိုင်က ပြောပြတယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် ဒဏ်ရာရသူအား အရေးပေါ်ကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရသူသည် စိတ်ဝေဒနာရှင် တစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ် လာရောက်စစ်ဆေးခဲ့ပြီး လမ်းဆုံလမ်းခွများတွင်လည်း သွားလာနေသည့် ယာဉ်များကို စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲသည့်နေရာမှာ မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး၏ နေအိမ်နှင့်လည်း နီးကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်မှု တစ်စုံတစ်ရာ မရှိသေးသဖြင့် အကြောင်းအရင်း အသေးစိတ်ကို မသိရသေးပေ။

တနင်္သာရီပြောက်ကျားတပ်ဖွဲ့ကမူ မိမိတို့အနေဖြင့် မြိတ်မြို့တွင်း နေရာအချို့တွင် ဖောက်ခွဲမှုများ ပြုလုပ်မည်ဖြစ်၍ မသင်္ကာဖွယ်ရာ အထုပ်များတွေ့လျှင် သွားရောက်မကြည့်ရန်၊ မကောက်ယူရန်၊ ပေါက်ကွဲသံကြားလျှင် သွားမကြည့်ရန်၊ စစ်ကောင်စီတပ်ဖွဲ့နှင့် နီးသည့်နေရာများကို ရှောင်ရန် ဧပြီလ ၂၃ရက်နေ့က ထုတ်ပြန်အသိပေးထားသည်။