မြိတ်တွင် လျှပ်စစ်စက်ဘီးများ အရောင်းသွက်

0
1763

ဆိုင်ကယ် ဈေးနှုန်းနှင့် စက်သုံဆီဈေးနှုန်းများ မြင့်တက်သွားသဖြင့် မြိတ်မြို့တွင် လျှပ်စစ်စက်ဘီး (E-Bike) ဈေးကွက်အတွင်း ဝင်ရောက်မှု များပြားလာပြီး အရောင်းသွက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

မော်လ်ဒယ်မြင့် မော်တော် ဆိုင်ကယ်များ ဈေးနှုန်းအဆမတန် မြင့်တက်လာပြီးနောက် လျှပ်စစ်စက်ဘီးများ ‌ဈေးကွက်အတွင်း နေရာယူလာခြင်းဖြစ်ကြောင်း E-Bike အရောင်းဆိုင်အချို့ထံမှ သိရသည်။

မော်‌ဒယ်မြင့်မော်တော်ဆိုင်ကယ်များမှာ ယခင်ဈေးနှုန်းထက် နှစ်ဆနီးပါးခန့် ဈေးမြင့်တက်လာသဖြင့် E-Bike ဝယ်စီးရခြင်းဖြစ်ကြောင်း ဝယ်စီးသူအချို့က ပြောသည်။

“ဆိုင်ကယ်တွေဈေးကြီးတယ်။ မဝယ်နိုင်ဘူး။ ဆီဈေးလည်းတက်နေတာ စက်ဘီးပဲ ဝယ်စီးမှာပေါ့” ဟု ဘတ်ထရီစက်ဘီး ဝယ်စီးနေသည့် မြိတ်တောင်နယ်‌မြေမှ အသက် ၂၀ နှစ်ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။

မော်လ်ဒယ်မြင့် ဗီယက်နမ်ထုတ် Wave 100 ဆိုင်ကယ်တစ်စီး၏တန်ဖိုးသည် ဘတ်ထရီစက်ဘီး လေးစီး၏တန်ဖိုးနှင့် ညီမျှကြောင်း အရောင်းဆိုင်အချို့ထံမှ သိရသည်။

အဆိုပါ လျှပ်စစ်စက်ဘီးမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်ပြီး ဘီးအမျိုးအစားအပေါ်မူတည်ကာ အများဆုံး ကျပ်ခြောက်သိန်းနီးပါးအထိ ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လျှပ်စစ်စက်ဘီးအသစ်ဆိုပါက ငါးနာရီခန့် အားသွင်းရပြီး တစ်နာရီလျှင် သုံးဆယ့်ငါး ကီလိုမီတာနှုန်းဖြင့် မိုင်လေးဆယ်ကျော်ခန့်အထိ စီးနှင်းနိုင်ကာ ဘတ်ထရီအားကုန်ပါက ခြေနင်းဖြင့် စက်ဘီးကဲ့သို့ စီးနှင်းနိုင်ကြောင်း အရောင်းဆိုင်အချို့ထံမှ သိရသည်။