တကူကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
334

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ယနေ့ (ဧပြီ ၂၂) နံနက် ၆နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ကာ သံတိုက်ရပ်ကွက်တွင် နေထိုင်သည့် တကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ငွေကို ပစ်ခတ်သွားခြင်းဖြစ်ပြီး ပစ်ခတ်ခံရသည့် နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“သေနတ်သံတွေ လေးငါးချက်လောက် ကြားရတယ်” ဟု တကူကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

တကူကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေအား အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ရန် PDF အဖွဲ့များမှ သတိပေးမှုများရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းကို ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက် ညကလည်း အုပ်ချုပ်ရေးမှူး ဦးကျော်ငွေ၏ နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီ သတင်းပေး သူများအနေဖြင့် မတ်လ ၃၁ ရက်နောက်ဆုံးထားပြီး နုတ်ထွက်ပေးကြရန် ထုတ်ပြန်ထားခဲ့သည်။

ယင်းသို့ မနုတ်ထွက်လျှင် အရေးယူမည်ဟုလည်း သတိပေးထားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အတွင်း မောတောင်မြို့၊ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ပဝကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့လည်း ပစ်သတ်ခံခဲ့ရသည်။

တကူကျေးရွာအုပ်စု၊ သရဘွင်ကျေးရွာအုပ်စုနှင့် သိန္ဒောကျေးရွာအုပ်စုတို့တွင် ဒေသခံ PDF တပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိပြီး စစ်ကောင်စီတပ်များက ၎င်းကျေးရွာများအား ဆန်နှင့် စက်သုံးဆီများ ဖြတ်တောက်ထားကြောင်း ဒေသခံတို့က ပြောသည်။