သိန္ဒောရွာတွင် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်

0
161

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး ရွာတွင် အစောင့်အဖြစ် ကျန်ရှိနေခဲ့သည့် ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၂) နံနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း ဒေသခံများထံမှ သိရသည်။

သိန္ဒောကျေးရွာတွင် မတ်လ ၃၁ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲကြောင့် ရွာသားများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာတွင် အိမ်စောင့်အဖြစ် ဒေသခံအချို့သာ နေထိုင်ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယနေ့တွင်မူ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းကြောင်း အစောင့်အဖြစ်ကျန်ခဲ့သူများလည်း ထွက်ပြေး တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ရှိတဲ့ရွာသားတွေလည်း ဒီနေ့တော့ အကုန်ပြေးကြပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ ဖြစ်ပွားပြီး ညနေပိုင်းတွင် ထပ်မံဖြစ်ပွားခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိကိုမှု အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သိန္ဒောကျေးရွာတွင် ဧပြီ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သိန္ဒောကျေးရွာနှင့် လမ်းကြောင်းတစ်ခုတည်းပေါ်ရှိသည့် တကူကျေးရွာတွင်လည်း ယနေ့နံနက်က ရပ်ကျေးအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ရွာသားအများစုအနေဖြင့် မြိတ်ဖက်သို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။