တနင်္သာရီ သိန္ဒောကျေးရွာတွင် တိုက်ပွဲဖြစ်

0
258

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၀) တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပြီး နေ့လယ် ၁၂ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်သံများ ကြားနေရသေးကြောင်း ဒေသခံများက ပြောသည်။

“ချောင်းဟိုဖက်ဒီဖက် ပစ်နေကြတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့လည်း ထုနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက နေ့လယ် ၁၂ နာရီဝန်းကျင်က ပြောဆိုသည်။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ကမ်းနားလှေဆိပ်တွင် လဲကျနေပြီး သေဆုံးနိုင်ဖွယ်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

သိန္ဒောလှေဆိပ်တွင် ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို နံနက် ၉ နာရီခွဲတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ၎င်းတို့ဘက်ကမူ အထိအခိုက်မရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ချိန် ရွာတွင် ရွာသားအနည်းငယ်သာရှိကြောင်း ဒေသခံများက ပြောသည်။

“ရွာသားတွေက အရင်တိုက်ပွဲဖြစ်ကတည်းက အနီးအနားရွာတွေမှာ သွားနေကြတာ။ ရွာမှာ မနေကြဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သိန္ဒောကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၃၁ ရက်ကလည်း PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ၃ နာရီအကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် ရွာတွင် အစောင့်အဖြစ် နေထိုင်သူ အနည်းငယ်ကျန်ခဲ့ပြီး အများစုမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။

တကူ၊ သရဘွင်၊ သိန္ဒောစသည့် ကျေးရွာအုပ်စုများတွင် PDF များ ခိုအောင်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဧပြီလ ပထမအပတ်ကတည်းက ဆန်နှင့် ဆီ တင်ပို့မှုဖြတ်တောက်ထားကြောင်း ဒေသခံများက ပြောသည်။