ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတဲ့ မြန်မာပြည် ဒေါ်လာတိုက်ဖျက်ရေး

0
90

မြန်မာပြည်ရဲ့ အာဏာသိမ်း စစ်အုပ်စုဟာ တစ်နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး ဖျက်ဆီးတာတွေ လုပ်ပြီးနောက်မှာ ခုတခါလည်း ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုကတစ်ဆင့် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ အပြုအမူတွေ လုပ်နေပြန်ပါပြီ။

ဧပြီလ (၃) ရက်နေ့မှာ ဗဟိုဘဏ်က ညွှန်ကြားချက်တစ်ရပ် ထုတ်ခဲ့ပြီးတော့ ဒီညွှန်ကြားချက်ကြောင့်  မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံခြားငွေ ပိုင်ဆိုင်မှုတွေနဲ့ နိုင်ငံခြားက လွှဲလာတဲ့ ငွေတွေကို ဘဏ်တွေမှာ မြန်မာကျပ်ငွေ ပြောင်းရတော့မှာ ဖြစ်ပါတယ်။

လွှဲလာတဲ့ ငွေကို တစ်ရက်အတွင်း ငွေလဲရမယ်လို့ အစိုးရ မီဒီယာမှာ ကြေညာတဲ့ ညွှန်ကြားချက်ထဲမှာ ပါလာတာကြောင့် အသည်းအသန်ကို နိုင်ငံခြားငွေလိုချင်နေတဲ့ ပုံပေါက်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။

ဒီလို ခပ်ရင့်ရင့် စီမံချက်ကို ဘယ်လို အသက်ဝင်အောင် ကျင့်သုံးမလဲဆိုတာ မရှင်းလင်းပေမယ့် နောက်ဆက်တွဲ ညွှန်ကြားချက်မှာတော့ အမေရိကန်ဒေါ်လာတွေကို ပုံသေငွေလဲနူန်း ၁၈၅၀ ကျပ်နဲ့ လဲကို လဲရမှာဖြစ်ပြီး၊  ဈေးကွက်ပေါက်ဈေး တစ်ဒေါ်လာကို ၂၀၁၅ကျပ် ပေါက်နေတာမို့ ဒါဟာ ဗဟိုဘဏ်အတွက် ငွေဝင်ပေါက်ကြီး လုပ်တာ ဖြစ်ပါတယ်။

တခြား နိုင်ငံငွေကြေးတွေကိုလည်း အလားတူပဲ ဗဟိုဘဏ်က သတ်မှတ်တဲ့ ဈေးနူန်းနဲ့ပဲ သွားရဖို့ ရှိနေတယ်။ ကမ္ဘာ့ဘဏ် World Bank ရ ကိန်းဂဏန်းတွေအရ မြန်မာ့နိုင်ငံခြား အရံငွေဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု မဖြစ်ခင် တစ်လလောက်အလို ၂၀၂၀ ဒီဇင်ဘာမှာ အမေရိကန်ဒေါ်လာ ၇ဒသမ၈ဘီလီယံ ရှိသတဲ့။ ဒါဟာ တိုင်းပြည်ရဲ့ အရံငွေကြေးအနေအထားကို နောက်ဆုံးရခဲ့တဲ့ ယုံကြည်လောက်စရာ စာရင်းဇယားကိန်းဂဏန်း ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံခြားကြွေးမြီက ဒေါ်လာ ၁၀ ဘီလီယံကနေ ၁၁ ဘီလီယံကြားရှိတယ်။ ရွေးကောက်တင်မြှောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကို တုန့်ပြန် အပြစ်ပေးတဲ့အနေနဲ့ ချမှတ်လာတဲ့ အနောက်အုပ်စုရဲ့ စီးပွါးရေးပိတ်ဆို့မှုက စစ်တပ်ပိုင် စီးပွါးရေးတွေနဲ့ ထိပ်သီးအချို့ကို ပစ်မှတ်ထားလာပါတယ်။

ဗဟိုဘဏ်ရဲ့ ကနဦးကြေညာချက်အရ နိုင်ငံခြားငွေအလွှဲတွေကို နိုင်ငံခြားငွေကြေး ကြီးကြပ်ရေး ကော်မတီရဲ့ ခွင့်ပြြုချက်နဲ့ လုပ်ငန်းလိုင်စင်ရ ဘဏ်များကနေတဆင့် ဆောင်ရွက်ရမယ်လို့ ပါပါတယ်။

နိုင်ငံခြားငွေစာရင်း ပိုင်ဆိုင်သူတွေဟာ ဧပြီလ (၃) ရက်နေ့ မတိုင်ခင် အပြီး ပြောင်းရမှာဖြစ်ပြီးတော့ အသစ်ချမှတ် လိုက်တဲ့ စည်းမျဉ်းတွေကနေ ကင်းလွတ်ခွင့်ရဖို့ ဘယ်လိုတွေ လျှောက်ထားရမယ်ဆိုတာ မရှင်းလင်း ပါဘူး။မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် လိုမျိုး သက်ဆိုင်ရာ အာဏာပိုင်များ ရဲ့ ထောက်ခံမှုနဲ့ အတူ အချို့သော နိုင်ငံခြားငွေကြေး စာရင်းများကို ခွင့်ပြုချက်ရ ဘဏ်များမှာ အပ်နှံထားနိုင်တယ်လို့လည်း ကြေညာ ထားပါတယ်။

ရုတ်တရက်ကြီးထွက်လာတဲ့ ကြမ်းကြမ်းတမ်းတမ်း ညွှန်ကြားချက်ကြီးကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းက ထိုက်သင့်သည့်အားလျော်စွာ ဝိုင်းဝန်းကန့်ကွက် ကြပါတော့တယ်။

ဧပြီလ (၄) ရက်နေ့မှာ ဂျပန်သံရုံးက စစ်အုပ်စုကို စာတစ်စောင်ပေးပို့ခဲ့ပြီးတော့ အဲဒီစာထဲမှာ “မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဂျပန်ကုမ္ပဏီတွေဟာ လုပ်ထုံးလုပ်နည်းအသစ်ကြောင့် ကြီးမားတဲ့ အခက်အခဲတွေ ကြုံနေရပြီး မြန်မာပြည်မှာ အလုပ်ဆက်လုပ်ဖို့ ခက်ခဲသွားပြီဖြစ်ကြောင်း၊ ဂျပန်သံရုံးအပါဝင် အခြား ဌာနဆိုင်ရာ အဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ခြင်းကို ထိခိုက်စေကြောင်း” ပါဝင်ပါတယ်။

နောက်နှစ်ရက်အကြာမှာ စင်္ကာပူသံရုံးကလည်း တသွေမတိမ်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး “ဂျပန်ကုမ္ပဏီများ” ဆိုတဲ့နေရာမှာ “စင်္ကာပူကုမ္ပဏီများ” ဆိုတဲ့ စကားလုံးပဲ ပြောင်းခဲ့ပါတယ်။ သံရုံးနှစ်ခုဟာ သူတို့တိုင်းပြည်က ကုမ္ပဏီတွေကို ချွင်းချက်ထားပေးဖို့ တောင်းဆိုထားပါတယ်။ ဒီနှစ်နိုင်ငံဟာ မြန်မာပြည်ရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ထိပ်သီးတွေ ဖြစ်ပါတယ်။

ဧပြီလ (၈) ရက်နေ့မှာ ပြင်သစ် ကုန်သည်များအသင်း၊ သြစတြေးလျ ကုန်သည်များအသင်း၊ ဥရောပကုန်သည်ကြီးများ အသင်း၊ ဂျာမန်မြန်မာစီးပွါးရေးအသင်း၊ ဗြိတိန်ကုန်သည်ကြီးများအသင်း၊ စတဲ့ စီးပွါးရေးအဖွဲ့ တစ်ဒါဇင်လောက်က ပူးပေါင်းကြေညာချက် ထုတ်ခဲ့ပြီးတော့ နိုင်ငံခြားငွေကြေးစည်းမျဉ်းသစ်ဟာ မြန်မာပြည်သူတွေရဲ့ နေထိုင်မှုအဆင့်အတန်းကို မလိုအပ်ဘဲ နိမ့်ကျအောင်လုပ်တာဖြစ်ကြောင်း၊ နိုင်ငံရပ်ခြား စီးပွါးရေး လှုပ်ရှားမှုတွေကို ရပ်တန့်စေကြောင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) တွေကို ရပ်တန့်စေကြောင်း ၊ တခြားတိုင်းပြည်များနဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ ဖြစ်နိုင်ကြောင်း ထည့်သွင်း ထောက်ပြထားပါတယ်။

နိုင်ငံခြားငွေကြေးတွေ အသုံးပြုတာကို ကန့်သတ်လိုက်ခြင်းဟာ “မြန်မာပြည်ကို ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး နဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ကနေ အဆက်ဖြတ်လိုက်တာ” လို့ အဲဒီကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ရန်ကုန်က သတင်းရင်းမြစ်တွေရဲ့ အဆိုအရ လုပ်ထုံးလုပ်နည်းအသစ်က ဘာကိုပြောချင်သလဲဆိုတာကို ပြည်တွင်း ဘဏ်တွေတောင် ကောင်းကောင်း နားမလည်သလို ၊ စစ်အုပ်စုက စည်းမျဉ်းကို ဘယ်လို အသက်ဝင်အောင် လုပ်မလဲ၊ ဘဏ်တွေက အဲဒီစည်းမျဉ်းကို ချိုးဖောက်ရင် ဘယ်လိုအရေးယူမလဲ ဆိုတာတောင် မသဲကွဲပါဘူးတဲ့။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပွဲ နဲ့ တစ်နိုင်ငံလုံးအနှံ့ မတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲကြောင့် ပြည်တွင်း စီးပွါးရေး ပြိုကျလုလု ဖြစ်နေချိန်မှာ နိုင်ငံခြားငွေရရှိရေး အသည်းအသန်ဖြစ်လာတဲ့ လုပ်ရပ်တစ်ခုလို အများက မြင်ကြတဲ့ စစ်အုပ်စုရဲ့ ဒီအစီအစဉ် နောက်ကွယ်မှာ အကြောင်းပြချက် (၃)ခုရှိနေတယ်လို့ သုံးသပ် စောင့်ကြည့် သူတွေက လက်ခံထားပါတယ်။

သိသာတဲ့ ပထမတစ်ခုကတော့ စစ်အုပ်စုဟာ နိုင်ငံခြားအရန်ငွေ ကုန်သလောက် ဖြစ်နေပြီးတော့ နိုင်ငံခြားကြွေးမြီ မဆပ်နိုင်တော့လို့ ဒေဝါလီဖြစ်မယ့်အရေးကနေ ရှောင်ရှားနိုင်စေဖို့ရာ နိုင်ငံခြားငွေတွေ ယူနေတာလို့ရယ် ဖြစ်ပါတယ်။

နောက်ထပ် အကြောင်းပြချက်က နိုင်ငံခြားအလှူရှင်တွေ၊ ပြည်ပရောက်အဖွဲ့တွေက စစ်အုပ်စုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ၊ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေကို ပို့နေတဲ့ ငွေကြေးစီးဆင်းမှုတွေ ကို ထိန်းချင်လို့ လည်ပင်းညှစ်ချင်လို့ ဖြစ်နိုင်ပါတယ်။ လုပ်ထုံးလုပ်နည်းအသစ်ကြောင့် နိုင်ငံခြားငွေတွေ ကိုင်ထားတာဟာ တရားမဝင်ဖြစ်လာပြီး၊ အာဏာပိုင်တွေအနေနဲ့ အဲဒီလိုအဖွဲ့တွေကို ငွေအလွှဲအပြောင်းကို စောင့်ကြည့်ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။

အာဏာပိုင်ဆီမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းသာလျှင် နိုင်ငံခြားကနေ ငွေလက်ခံနိုင်မှာ ဖြစ်ပြီးတော့ ချွင်းချက်မရဘူးဆိုရင် အဲဒီပိုက်ဆံကို ချက်ခြင်း ကျပ်ငွေအဖြစ် ပြောင်းပစ်လိုက်မှာ ဖြစ်ပါသတဲ့။

ဒါပေမဲ့ ပြောင်းလိုက်တဲ့ ကျပ်ငွေကိုလည်း သီတင်းပတ်တစ်ပတ်မှာ ငါးသိန်းပဲ ထုတ်လို့ရမှာပါ။ ဒေါ်လာနဲ့တွက်ရင် ၂၅၀ ဒေါ်လာလောက်ပဲ ရှိတဲ့ ငွေကို တစ်ပတ်မှတစ်ခါပဲ ထုတ်ပေးဖို့ စစ်အုပ်စုက စည်းမျဉ်းချထားတာပါ။ ဗဟိုဘဏ်မှာရော နိုင်ငံခြားငွေစာရင်းတွေကို မြန်မာငွေပြောင်းပြီးထုတ်ပေးဖို့ ကျပ်ငွေ အရန်ငွေ လုံလောက်ရဲ့လားဆိုတဲ့ မေးစရာ ပေါ်လာပါတယ်။

ဂျပန်နဲ့ စင်္ကာပူသံရုံးတွေက စည်းမျဉ်းအသစ်ကနေ ကင်းလွတ်ခွင့်ရဖို့ ထုတ်ပြန်ချက် ထုတ်လိုက်တဲ့အခါ တတိယ အကြောင်းပြချက်က ရှင်းရှင်းလင်းလင်း ပေါ်လာပါတယ်။

အမှုမဲ့အမှတ်မဲ့ ဒီလိုတောင်းဆိုစာကို ပို့တော့ “နိုင်ငံခြားရေးဝန်ကြီးဌာန” “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” စသဖြင့် လိပ်မူပို့ရတာမို့ အနောက်အုပ်စုက မဆက်ဆံ၊ ပိတ်ဆို့ထားတဲ့ အာဏာသိမ်းအစိုးရကို အသိအမှတ်ပြုသလို ဖြစ်လာတယ်။

စည်းမျဉ်းအသစ်ကနေ စစ်အုပ်စုဟာ စီးပွါးရေးနဲ့ သံတမန်ရေးအရ အကျိုးအမြတ်တွေ ဘယ်လိုပဲ ရတယ်ပြောပြော စီးပွါးရေးမှာ စစ်အုပ်စုက ထိန်းချုပ်မှုပိုရအောင် လုပ်တဲ့ မကောင်းတဲ့အကြံအစည်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေလာမှာမို့ မကိုက်ဘူးရယ်လို့ ပြောရမှာပါ။

သူတို့တောင်းဆိုထားတဲ့ ချွင်းချက်လုပ်ပေးဖို့ ကိစ္စကို မရဘူးဆိုရင် ဂျပန်နဲ့ စင်္ကာပူကုမ္ပဏိတွေ အကုန်ပြန်ထွက် သွားဖို့ စဉ်းစားထားသလားဆိုတာကို မသဲကွဲသေးပါဘူး။ ဒီစည်းမျဉ်းကြောင့် နဂိုကတည်းကမှ အာဏာသိမ်းပွဲနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုတွေ ရှိနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေ တိုင်းပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ အတားအဆီးဖြစ်သွားစေပါတယ်။

သို့သော်ငြားလည်းပဲ မြန်မာဟာ စီးပွါးရေး အသက်ဝင်စေဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုပါတယ်။

နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း (ILO) က ဇန်နဝါရီ ၂၀၂၂ မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အာဏာသိမ်း အပြီး တစ်နှစ်အကြာမှာပဲ မြန်မာစီးပွါးရေးဟာ ပြိုကျလုလု ဖြစ်နေပြီလို့ ဖော်ပြထားတယ်။

ILO ရဲ့ ကြေညာချက်အရ ၂၀၂၁ မှာ တိုင်းပြည်အတွင်း အလုပ်အကိုင် ၈ရာခိုင်နူန်း ဆုံးရှူံးသွားပြီး လုပ်သားထု အတွင်း အလုပ်အကိုင် ၁ဒသမ၆သန်း ဆုံးရှူံးသွားတာ ဖြစ်ပါတယ်။ ကျေးလက်နေ လယ်သမားတွေနဲ့အတူ မြန်မာ့ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေဟာ အဆိုးဝါးဆုံး ထိခိုက်ရတာ ဖြစ်ပါတယ်။

ဒီလိုပဲ UNDP ကလည်း ဒီဇင်ဘာ ၂၀၂၁ မှာ ကြေညာချက် ထုတ်သေးတယ်။ “မြန်မာ့လူဦးရေး ၅၅သန်းရဲ့ တစ်ဝက်၂၅သန်းလောက်ဟာ ၂၀၂၂ အစောပိုင်းမှာပဲ ဆင်းရဲနွမ်းပါးမှုအခြေအနေကို ရောက်သွားမှာဖြစ်တယ်။ ကပ်ရောဂါမတိုင်ခင် ၁၅နှစ်တာလောက် စီးပွါးရေး တိုးတက်ခဲ့တာကို ဖျက်ဆီးဖယ်ရှားလိုက်ပြီး ဆင်းရဲနွမ်းပါးမှုက ၂၀၀၅ မတိုင်ခင် အခြေအနေကို ပြန်ရောက်ဖို့ ရှိနေတယ်” လို့ ဖော်ပြထားပါတယ်။

“ဒီလိုအခြေအနေအထိ ဆင်းရဲတွင်းထဲကို ကျသွားတာကြောင့် လူလတ်တန်းစား ပျောက်သွားနိုင်ပြီး အကျပ်အတည်းကနေ ပြန်လည်ခေါင်းထောင်လာနိုင်ဖို့အတွက် အလားအလာမကောင်းပါဘူး” လို့ UNDP ရဲ့ အာရှပစိဖိတ် ဒေသတွင်း ဗြူရို ဒါရိုက်တာ ကန်နီဝစ်ဂ်နာရာဂျာ က ပြောကြားပါတယ်။

ကျယ်ပြန့်တဲ့ မြန်မာ့စီးပွါးရေးကဏ္ဍတွေ အထူးသဖြင့် နိုင်ငံခြားနဲ့ ဆက်ဆံရတဲ့ ခရီးသွားကဏ္ဍတွေဟာ ဘက်ပေါင်းစုံကနေ ဒေါ်လာနဲ့ပတ်သက်ရတဲ့ စီးပွါးရေးတွေဖြစ်ပြီး မြန်မာငွေထက် နိုင်ငံခြားငွေနဲ့ပဲ လွှဲကြတာ ဖြစ်ပါတယ်။  ၂၀၂၁ စက်တင်ဘာမှာ ၁၈ရာခိုင်နူန်း ကျုံ့ဝင်သွားပြီ ဖြစ်တဲ့ နဂိုကတည်းကမှ ယဲ့ယဲ့ပဲ ရှိတော့တဲ့ စီးပွါးရေး ကို တချီတည်းနဲ့ ပိုပြီး ဖိချပစ်လိုက်တာရယ်လို့ သုံးသပ်စောင့်ကြည့်သူတွေက ဆိုပါတယ်။

စီးပွါးရေးကျုံ့ဝင်သွားပြီးနောက် ၁ရာခိုင်နူန်းပြန်တိုးတက်လာတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သော်ငြား ဒီလို ခန့်မှန်းချက်က ဒေါ်လာတိုက်ဖျက်ရေးစီမံကိန်းကြီး မကြေညာခင်ကပါ။

ကမ္ဘာ့နဲ့ဝေးလံ အထီးကျန်လာနေတဲ့ ဗိုလ်ချုပ်ကြီးတွေက ဒါကို ဂရုစိုက်ပုံ မပေါ်ပါဘူး။ သူတို့ရဲ့ လက်တွဲဖက် တရုတ်က နိုင်ငံခြားငွေကဏ္ဍမှာ ကူညီပြီးတော့ စီးပွါးရေး အကျပ်အတည်း တွင်းနက်လာချိန်မှာ ထောက်ကူပေးမယ်လို့ စဉ်းစားကြပုံ ပေါ်ပါတယ်။

စစ်အုပ်စုရဲ့ ဒေါ်လာတိုက်ဖျက်ရေး လုပ်ရပ်ကြီးကြောင်း ယွမ်ငွေကို အခြေပြုတဲ့ စီးပွါးရေး ကဏ္ဍ ပေါ်လာပြီးတော့ တရုတ်အစိုးရ ဘေဂျင်းအပေါ် မှီခိုရမှု ပိုကြီးလာမှာ ဖြစ်ပါတယ်။

(Bertil Lintner ရေးသားသည်)

Ref: Myanmar’s de-dollarization looks like financial suicide BY BERTIL LINTNER