သရက်ချောင်းမြို့နယ် ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားတွင် တိုက်ပွဲဖြစ်

0
683
သရက်နှစ်ခွရွာ မြိတ်-ထားဝယ်ကားလမ်းပေါ် ယနေ့ နံနက်ပိုင်းက လမ်းပိတ်ထားစဉ်။ ဓာတ်ပုံ - CJ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်ဘေးးရှိ ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားရှိ ဥတ္တူတံတားအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၀) ရက် နံနက် ၅ နာရီခန့်မှ ၇ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။

ဥတ္တူတံတားတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်မှာ ကြာပြီဖြစ်ပြီး ယင်းတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF က လာရောက်တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

သေနတ်သံများကို နံနက် ၇ နာရီခန့်အထိ ကြားရကြောင်း သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သေနတ်သံတွေကတော့ ဆူညံနေရောပဲ။လက်နက်ကြီးသံတွေလည်း တဂျိမ်းဂျိမ်းပဲ အသံကြားနေတာ၊ မိုင်းခွဲသံအကြမ်းကြီး နှစ်လုံးကြားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပြီး များမကြာမီတွင် စစ်ကောင်စီဘက်က စစ်ကူတက်လာသည့် စစ်တပ်ကားမှာ ပိန်းတောရွာနှင့် ပန်းပြင်ရွာကြားရှိ မှန်ကျောင်း ဘုန်းကြီးကျောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ပိန်းတောကျေးရွာနှင့် ပန်းပြင်ကျေးရွာ၊ သရက်နှစ်ခွကျေးရွာမှာ ရွာချင်းဆက်ရွာများဖြစ်ပြီး မြိတ်-ထားဝယ်ကားလမ်းဘေးတွင်တည်ရှိသည်။

ယင်းသို့ မိုင်းဆွဲခံရပြီးနောက် မဲနယ်အိုးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ကြောင်းပန်းပြင်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုတော့ ကားတွေဘာတွေတော့ မသွားခိုင်းသေးဘူး။ တံတားမှာ စစ်ဆေးနေတယ်ထင်တယ်။ ပန်းပြင်ရွာဘက်မှာလည်း ကားတွေပြည့်နေတယ်။ သရက်နှစ်ခွဘက်မှာလည်း ကားတွေပြည့်နေတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံအချို့နှင့် လမ်းသွားလမ်းလာများ၏ပြောဆိုချက်အရ စစ်ကောင်စီတပ် ကားပေါ်တွင် ထိခိုက်ဒဏ်ရာရထားသည်ဟု ယူဆရသူ သုံးဦးကို တင်ထားကြောင်း သိရသည်။

သို့သော် တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်မှု ရှိမရှိကိုမူ Dawei Watchအနေဖြင့် သီခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် စစ်ကောင်စီတပ်က မြိတ်ဘက်က တက်လာသည့် ယာဉ်များနှင့် ထားဝယ်ဘက်မှ သရက်ချောင်းဘက်ကို ဆင်းသည့် ယာဉ်များအားလုံးကိုလည်း တားဆီးစစ်ဆေးနေပြီး ယနေ့ နံနက် ၈ နာရီခွဲအထိ လမ်းပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

၁၀ နာရီဝန်းကျင်တွင် လမ်းပြန်ဖွင့်ပေးကြောင်း သရက်နှစ်ခွကျေးရွာ ဒေသခံတို့က ပြောသည်။

အဆိုပါတိုက်ပွဲနှင့် ပက်သက်ပြီး လတ်တလောမေးမြန်းချက်အရ ဖမ်းဆီးခံရသည့်‌ ဒေသခံရွာသားများမရှိသေးကြောင်း သိရသည်။

ယခုတိုက်ပွဲဖြစ်သည့် ဥတ္တူတံတားတွင် တိုက်ပွဲဖြစ်ပွားသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ပိန်းတောကျေးရွာနှင့် ပန်းပြင်ကျေးရွာအဝင် မှန်ကျောင်းအနီးတွင်လည်း ပစ်ခတ်မှုနှင့် မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။