သီရိလင်္ကာမှာ ဘာတွေဖြစ်နေလဲ

0
2429

ဓာတ်ဆီဝယ်ဖို့ တန်းစီနေတဲ့ ကားတန်းကြီးတွေဟာ သီရိလင်္ကာမြို့အသီးသီးမှာ တွေ့နေရတယ်။ မီးပြတ်တဲ့ အချိန်တွေက ပိုကြာလာတယ်။ စားသောက်ကုန်စျေးတွေက တအားတက်လာတယ်။ ဒါကြောင့်လူအုပ်ကြီးက အာဏာရခေါင်းဆောင်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပဲ။ သမ္မတက မထွက်ပါဘူး။ ဝန်ကြီးတွေတော့ ရာထူးတွေက ထုတ်ပေးတယ်။ သူ့အမျိုးအရင်း အကိုကြီး ဝန်ကြီးချုပ်တော့ မပါဘူး။

ပြီးခဲ့တဲ့ ရက်တွေတုန်းကတည်းက ထောင်ပေါင်းများစွာသော သီဟိုကျွန်းသား လူအုပ်ကြီးဟာ သမ္မတ ဂိုတာဘယ ရာဂျာပတ်ဆာ ရာထူးကနူတ်ထွက် ဆင်းပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြနေကြတယ်။ သီရီလင်္ကာဟာ ၁၉၄၈ ဗြိတိသျှလက်အောက်က လွတ်ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွါးပျက် အကျပ်အတည်း ကို ကြုံနေရတာပဲ။ စားနပ်ရိက္ခာတွေ ပျက်လပ်တယ်။ စျေးတွေတက်တယ်။ မီးပျက်ချိန်တွေ ပိုကြာလာတယ်။

သီရိလင်္ကာအစိုးရက စီးပွါးရေးကျဆင်းမှုကို ကျားကန်ထောက်ကူပေးမယ့် အထောက်အပံ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ဆီက ရဖို့အတွက် အသည်းအသန်ကြိုးစားနေတယ်။

စီးပွါးရေးပျက်ကပ် နဲ့ သီရိလင်္ကာ

အစိုးရကတော့ သီရိလင်္ကာရဲ့ နိုင်ငံခြားငွေ အရဆုံး ခရီးသွားလုပ်ငန်းကို ဂျုံးဂျုံးကျသွားစေခဲ့တဲ့ ကပ်ရောဂါကို အပြစ်တင်နေတာပေါ့။ ပြီးခဲ့တဲ့ (၃) နှစ်တုန်းက ခရစ်ယာန်ဘုရားကျောင်း (၃) ကျောင်းကို ဗုံးခွဲတိုက်ခိုက်တော့ လူတွေအများကြီးသေခဲ့တာ ကြောင့်လည်း ခရီးသွားဧည့်သည်တွေ ကြောက်သွားတာလို့လည်း အစိုးရက ပြောသေးတယ်။ ဘယ်လိုပဲပြောပြော လေ့လာသူတွေကတော့ စီးပွါးရေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲတွေကြောင့်လို့ ထောက်ပြကြတယ်။

၂၀၀၉ ခုနှစ်မှာ အနှစ် (၃၀) ပြည်တွင်းစစ်ကြီး ပြီးသွားတဲ့အခါ သီရိလင်္ကာဟာ နိုင်ငံခြားကို ကုန်တင်ပို့တာထက် ပြည်တွင်းစျေးကွက်ကို ပိုပြီး အာရုံစိုက်ဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် နိုင်ငံခြားပို့ကုန်ကနေ ရတဲ့ ဝင်ငွေက နည်းနေပြီး သွင်းကုန်ကနေ ထွက်တဲ့ငွေက ပိုများနေခဲ့တယ်။ ဒီကနေ့မှာ သီရိလင်္ကာရဲ့ သွင်းကုန် တန်ဖိုးဟာ ပို့ကုန်ထက် (၃) ဘီလီယံ ပိုများနေတယ်။

အစိုးရဟာ ဝေဖန်သူတွေပြောနေကြတဲ့ မလိုအပ်ဘဲ ငွေတွေသုံးရတဲ့ တည်ဆောက်ရေးစီမံကိန်းကြီးတွေကြောင့် ကြွေးတွေအများကြီး တင်နေတော့တယ်။ ၂၀၁၉ အကုန်မှာ သီရိလင်္ကာဟာ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ရဒသမ၆ ဘီလီယံ ရှိခဲ့ရာကနေ ၂၀၂၀ မတ်လလည်းရောက်ရော ၁ဒသမ၉၃ဘီလီယံပဲ ရှိတော့တယ်။

အစိုးရရဲ့ တုံ့ပြန်ပုံ

၂၀၁၉ ခုနှစ်မှာ သမ္မတဂိုတာဘယ ရာဂျာပတ်ဆာ အာဏာရလာတော့ အခွန်တွေ လျှော့ချပစ်ခဲ့တယ်။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် သူ့ရဲ့ အရန်ငွေကြေးပမာဏကို မြှင့်တင်ဖို့အတွက် နိုင်ငံတကာစျေးကွက်ကနေ နိုင်ငံခြားငွေ ဝယ်ယူဖို့ ပိုက်ဆံနည်းလာတာပေါ့။ ၂၀၂၁ အစောပိုင်းကာလမှာ ငွေကြေးပြတ်လပ်မှု ပြဿနာပိုပိုကြီးလာတော့ အစိုးရက နိုင်ငံခြားကို နိုင်ငံခြားငွေထွက်သွားနေတာကို တားတဲ့အနေနဲ့ ဓာတ်မြေသြဇာတွေ နိုင်ငံခြားက တင်သွင်းနေတာကို တားမြစ်လိုက်တယ်။ ပြည်တွင်းဖြစ် အော်ဂဲနစ်မြေသြဇာတွေပဲ သုံးဖို့ ညွှန်ကြားခဲ့တယ်လေ။

အဲဒီတော့ ဘာဆက်ဖြစ်သလဲဆိုရင် ကောက်ပဲသီးနှံတွေ မဖြစ်ထွန်းဘဲ ပျက်တော့တာပဲ။ သီရိလင်္ကာဟာ စားနပ်ရိက္ခာအတွက် နိုင်ငံခြားကနေ ဝယ်ရပြန်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားငွေ ပြတ်လပ်ခြင်းက ပိုပို ဆိုးလာတယ်။

အဲဒီနောက်ကစပြီးတော့ အစိုးရဟာ မလိုအပ်တဲ့ ပစ္စည်းတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသွင်းကုန်တွေကို ပိတ်ပင် လိုက်တော့တာပါပဲ။ ကားတွေ ကနေ တချို့ အစားအသောက်တွေပါပြီးတော့ ဖိနပ်တွေလည်း ပါဝင်ပါတယ်။ ဒီနည်းအတိုင်း နိုင်ငံခြားကို ပစ္စည်းတင်ပို့နူန်း မြှင့်တင်ပြီး နိုင်ငံခြားငွေတန်ဖိုးကို လျှော့ချတာပေါ့။ သီရိလင်္ကာ ရူပီးငွေစျေးနူန်းမကျအောင် လုပ်တာပေါ့လေ။ ဒါပေမဲ့ ရူပီးငွေတန်ဖိုးဟာ မတ်လ ၂၀၂၂ ရောက်တဲ့အခါ ကျလာ ပါတော့တယ်။ ဒေါ်လာနဲ့ ယှဉ်ရင် ရူပီးငွေတန်ဖိုးက (၃၀) ရာခိုင်နူန်း ကျသွားခဲ့ပါတယ်။

ကြွေးဘယ်လောက်တင်သွားသလဲ

သီရိလင်္ကာအစိုးရဟာ နိုင်ငံခြားကြွေးမြီ (၅၁) ဘီလီယံအထိ တက်သွားခဲ့ပါတယ်။ ဒီနှစ်ထဲမှာတင် (၇)ဘီလီယံ ပြန်ပေးရပါမယ်။ သို့သော်ငြားလည်းပဲ သီရိလင်္ကာဗဟိုဘဏ်က ဘယ်လိုကြေညာလိုက်ရသလဲ ဆိုတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကနေ ထောက်ပံ့ကြေးငွေ မရဘူးဆိုရင် နိုင်ငံခြားကြွေးမြီ ပြန်လည်ပေးဆပ် နိုင်တော့မှာ မဟုတ်ဘူးတဲ့။ ရှိတဲ့ လက်ကျန် နိုင်ငံခြားငွေကို လောင်စာဆီလိုမျိုး မသုံးမဖြစ် သုံးကုန်များ သုံးဖို့ သိမ်းထားရတော့မတဲ့။ ဇူလိုင်လမှာ ပြန်ပေးရမယ့် (၁)ဘီလီယံကို မပေးနိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။

လမ်းမပေါ်ကို လူအုပ်ကြီးထွက်လာပြီ

သမ္မတ ဂိုတာဘယ နူတ်ထွက်ပေးဖို့ တောင်းဆိုသံနဲ့အတူ ဧရာမလူအုပ်ကြီးက ဧပြီလ အစောပိုင်း ကတည်းက လမ်းမတွေပေါ်ကို ထွက်လာခဲ့ကြပြီး သမ္မတကတော့ မထွက်ပါဘူးတဲ့။ နေထိုင်စရိတ်က ဘယ်လိုမှ မတတ်နိုင် လောက်အောင်ကို မြင့်တက်လာတော့ လူထုကြီးက ဒေါသပေါက်ကွဲပြီလေ။ ပြီးခဲ့တဲ့ တစ်နှစ်ကထက် စားသောက်စရိတ်အတွက် (၃၀)ရာခိုင်နူန်းပိုပေးနေရတယ်။ ဆိုလိုတာက ကုန်စျေးနူန်းတွေ ခုန်တက်သွားတာ ကြောင့်ပါ။ စားရတဲ့ ပမာဏကို လျှော့ရတာတို့ ထမင်းတစ်နပ်လျှော့စားရတာတို့ ဖြစ်လာခဲ့ပါတယ်။ ဓာတ်ဆီဆိုင် တွေမှာ လောင်စာဆီအတွက် တန်းစီနေရတဲ့ ကားတန်းကြီးက အရမ်းရှည်လာတယ်။ လောင်စာဆီ မလုံလောက် တော့ဘူး။ အကျပ်အတည်းကြောင့် အများပြည်သူ ပို့ဆောင်ရေး ဝန်ဆောင်မှုတွေပါ ရပ်ကုန်တာပဲ။ အမျိုးသမီး တစ်ယောက်က BBC ကို ဘာပြောခဲ့သလဲဆိုတော့ “အရင်တုန်းက ဘက်စ်ကားကို ၁၅ မိနစ်လောက် စောင့်ခဲ့ရတယ်။ ခုတော့ တစ်စီးလာဖို့ ၁နာရီကနေ ၂ နာရီအထိ ကြာတယ်။ တခါတလေ ဘက်စ်ကားက ဆီကုန် လို့ ရပ်သွားသေးတယ်” တဲ့။ အိမ်ရှင်မတစ်ဦးကလည်း ဂတ်စ်ဘူးဖိုးက နှစ်ဆလောက် တက်သွားလို့ မသုံးနိုင်တော့ဘဲ ထင်းတွေခုတ်ပြီး မီးဆိုက် ဟင်းချက်နေရပြီလို့ ပြောပါတယ်။

ဆန္ဒပြပွဲတွေ အင်အားကြီးလာတော့ သမ္မတက ညမထွက်ရ အမိန့်ထုတ်ပြန်တယ်။ အရေးပေါ်ဥပဒေတွေ ထုတ်ပြီးတော့ လူမှုကွန်ရက်မီဒီယာတွေ ပိတ်တာတွေ လုပ်တယ်။ ဒီလိုလုပ်ရုံနဲ့ ဆန္ဒပြသူတွေ လမ်းပေါ်မှာ လျော့မသွားတော့ အဲဒီအမိန့်တွေ ပြန်ရုပ်သိမ်းရပါတယ်။

သမ္မတ ဂိုတာဘယရာဂျာပတ်စာ ဟာ အစိုးရတစ်ဖွဲ့လုံးကို ရာထူးက ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ သူ့အစ်ကိုအရင်း ဝန်ကြီးချုပ် မဟင်ဒါရာဂျာပတ်စာ တော့ မပါပါဘူး။ ဗဟိုဘဏ်ဥက္ကဌကိုလည်း ရာထူးက ထုတ်ပစ်လိုက်ပါတယ်။

အစိုးရသစ် ဖွဲ့ရာမှာ ကူညီဖို့ရာ အတိုက်အခံ လွှတ်တော်အမတ်တွေကို အကူအညီတောင်းပေမယ့် ဟိုက ငြင်းလိုက်ပါတယ်။ ပါလီမန်ထဲက အာဏာရ ညွန့်ပေါင်းအုပ်စုနဲ့ ပူးပေါင်းနေတဲ့ ပါလီမန်အမတ် (၄၀) တောင် သမ္မတရဲ့ အင်အားစုကို စွန့်ခွါသွားကြပါတယ်။

ရဲက ပစ်သတ်လို့ လူတစ်ယောက်သေသွားတဲ့ သတင်းတက်လာတယ်။ ဒေါသအိုးပေါက်ကွဲနေတဲ့ ပြည်သူတွေဟာ တချို့နေရာတွေမှာ ကားတာယာကွင်းတွေကို လမ်းပိတ်မီးရှို့နေပြီ။

နိုင်ငံခြားကနေ ဘာများ မျှော်လင့်လို့ ရမလဲ

မတ်လမှာ သီရိလင်္ကာအစိုးရက IMF ဆီကနေ ငွေကြေးအထောက်အပံ့ တောင်းခဲ့ပြီး ဧပြီလ အလယ်မှာ သွားရောက်ဆွေးနွေးမှုတွေ လုပ်နေပါပြီ။ အိန္ဒိယဆီကနေ အကူအညီတွေတော့ ရနေပါတယ်။ အိန္ဒိယက ဒေါ်လာသန်း (၅၀၀) ဖိုးအကြွေးနဲ့ လောင်စာဆီတွေ ရောင်းပေးနေပါတယ်။ တရုတ်ကလည်း သီရိလင်္ကာမှာ နိုင်ငံခြားအရံငွေ များလာစေဖို့ တရုတ်ယွမ်ငွေနဲ့ သီရိလင်္ကာရူပီးကို လဲပေးဖို့ သဘောတူထားပါတယ်။ ဂျပန်တို့ ဘင်္ဂလားဒေ့ရှ် တို့ကနေ ချေးငွေတွေ ရယူထားပါတယ်။ နိုင်ငံခြားကို သီရိလင်္ကာရဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းနေတယ်။

ဝါရှင်တန်မှာ သီရိလင်္ကာအစိုးရ ကိုယ်စားလှယ်တွေ နဲ့ IMF တို့ ဆွေးနွေးနေကြတယ်။ ချေးငွေရစေဦးတော့ တည်ငြိမ်အောင် ပြန်လည်ကုစားဖို့က မလွယ်။

 ပြဿနာရှာပြီး မရှင်းတတ်သူများကြောင့် လူတွေ ပိုအလုပ်ရှုပ် ပေးဦးတော့မည်။