သားအသတ်ခံရပြီး ၇ လအကြာအမေဖြစ်သူ ထပ်မံပစ်သတ်ခံရ

0
854
သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ဒေါ်နှင်းရီ

ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာတွင် နေထိုင်သည့်စစ်ကောင်စီ သတင်းပေးဆိုသူ ဦးမိုးဟိန်း အသတ်ခံရပြီး ၇ လအကြာ ဧပြီလ ၁၈ ရက်ည ၁၀ နာရီဝန်းကျင်ခန့်က အမေဖြစ်သူလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါပစ်ခတ်ခံရပြီး သေဆုံးသူမှာ ဦးမိုးဟိန်း၏အမေ အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နှင်းရီဆိုသူဖြစ်သည်။

ယင်းနေ့ည ဆယ်နာရီခန့်က သေနတ်ကိုင် လူငယ်နှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာပြီး သားမက်ဖြစ်သူ ဦးစိုးသိန်း နှင့် သမီးဖြစ်သူဒေါ်ချိုတို့၏ နာမည်များခေါ်ပြီး တံခါးဖွင့်ခိုင်းသည်ကို ကြားရကြောင်း၊ ယင်းနောက် စကားပြောသံများ၊ သေနတ်သံများ ကြားရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဦးစိုးသိန်းက လည်ပင်းရှပ်ထိဒါဏ်ရာနဲ့ သေချင်ယောင်ဆောင် နေတယ်လို့ပြောတယ်။ ဒေါ်နှင်းရီကတော့ နားအုံကို ထိသွားတယ်”ဟု ၎င်းကပြောသည်။

၎င်းတို့မိသားစုသည် ညတွင်းချင်းတိမ်းရှောင်သွားသည်ဟု သိရပြီး ဒေါ်နှင်းရီကိုမူ သေသည်ဟုထင်ကာ နေအိပ်ပေါ်တွင် ပစ်ထားခဲ့သည်ဟုဒေသခံ‌ နောက်တစ်ဦးကပြောဆိုသည်။

“ဦးတို့လည်း အစကမသွားရဲသေးဘူး။ နောက်တော့မှ လူကြီးတွေခေါ်ပြီးသွားကြည့်တာ ဒေါ်နှင်းရီကတော့ အသက်ငင်နေသေးတယ်။ ခဏကြာတာနဲ့ အသက်ထွက်သွားတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ ပစ်ခတ်မခံရသေးမီ ယင်းနေ့ညနေလေးနာရီလောက်က ဦးစိုးသိန်း၏သား သန်းကိုဖြိုးဆိုသူအား အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ရှာဖွေစဉ် မိသားစုရှေ့ခေါ်ယူပြီး အဆိုပါအဖွဲ့နှင့် ညှိနှိုင်းနေသည်မျိုးတွေ့ရသေးကြောင်း နောက်ဒေသခံတစ်ဦးကပြောသည်။

အဆိုပါမိသားတစ်စုလုံးသည် ကြံ့ခိုင်ရေးပါတီဝင်နှင့် ထောက်ခံအားပေးသူများဖြစ်ကြပြီး ပါတီစွဲဖြင့် တစ်ဖက်သတ်အမြင်များကိုပြောဆို‌ ဝေဖန်တတ်မှုများကြောင့် လူမုန်းများကြသည်ဟု ဒေသခံများကပြောသည်။

ဒလန်ပျူစောထီးဟုကျော်ကြားသူ ဦးမိုးဟိန်းကို ပြီးခဲ့သည့်ခုနှစ်လခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dawei Guerrilla Revolutionary Force(DGRF) အဖွဲ့က ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရပြီး ယခုပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။