မြိတ်တွင် မီးသွေးစျေး အဆမတန်မြင့်တက်

0
786
မြိတ်တွင် မီးသွေးအသုံးပြုမှု မြင့်တက်လာ

လျှပ်စစ်မီတာခများ စျေးနှုန်းမြင့်တက်နေသည့် တနင်္သာရီတိုင်း၌ မီးသွေးအသုံးပြုမှုများ ပိုမိုမြင့်တက်လာပြီး မြိတ်မြို့တွင် နှစ်တင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းအထိ ပေးကာဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လမတိုင်မီက မြိတ်မြို့အတွင်း နှစ်တင်းဝင်မီးသွေးတစ်အိတ်လျှင် အိမ်အရောက်ပို့ ကျပ်ခြောက်ထောင်သာရှိခဲ့သော်လည်း ယခုဧပြီလတွင် အိမ်အရောက် ကျပ်တစ်သောင်းအထိ ပေးဝယ်နေရကြောင်း အိမ်ရှင်မများ ထံမှသိရသည်။

“မီးသွေးက အရင်လို ဝယ်ချင်တိုင်း ဝယ်လို့မရတော့ဘူး”ဟု မြိတ်မြို့နေအိမ်ရှင်မတစ်ဦးက ပြောသည်။

ကျွန်းစုမြို့နယ်ရှိ ရွာများတွင် မီးသွေးထုတ်လုပ်နေပြီး မြိတ်မြို့သို့လှေကြီးများဖြင့် လာရောက်ရောင်းချနေခြင်းဖြစ်ကာ ယခင်လို လက်တန်းဝယ်ရန်မလွယ်ကူတော့၍ ကြိုမှာထားရသည်ဟု မီးသွေးဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချသူ အမျိုးသားတစ်ဦးကဆိုသည်။

“လှေလာဆိုက်တာနဲ့ ကုန်ပြီ အားလုံးသူ့အော်ဒါနဲ့သူ လာယူလိုက်ကြတာ ကြိုမှာမှရတော့တယ်”ဟု ၎င်းကပြောသည်။

လျှပ်စစ်မီတာခများ စျေးမြင့်လာသည့်အတွက် မီးသွေးကို ဝယ်လိုအား ပိုများလာသဖြင့် စျေးတက်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် မြိတ်မြို့၌ လျှပ်စစ်တစ်ယူနစ် ၄၇၈ ကျပ်ရှိခဲ့ရာမှ ဖေဖော်ဝါရီတွင် ၅၆၅ ကျပ်ဖြစ်သွားပြီး မတ်လတွင် ၇၆၅ ကျပ်အထိ စျေးနှုန်းမြင့်တက်သွားခဲ့သည်။

စစ်အာဏာမသိမ်းခင်က တစ်လလျှပ်စစ်အသုံးပြုခ တစ်သောင်းကျော်ပေးခဲ့ရပြီး လက်ရှိအချိန်(မတ်လ)တွင် ကျပ်ငါးသောင်းနီးပါး ပေးဆောင်ခဲ့ရကြောင်း လစဉ်ယူနစ်ခြောက်ဆယ်ဝန်းကျင်ခန့် လျှပ်စစ်မီးသုံးစွဲသူ တစ်ဦးကလည်း ပြောပြသည်။

ယင်းကြောင့်အိမ်ရှင်မများအနေဖြင့် လျှပ်စစ်အစား မီးသွေးကို ပိုမိုအသုံးပြုလာသဖြင့် စျေးတက်သွားခြင်းဖြစ်သည်။

“အဝတ်အစားမီးပူတိုက်တာတောင် လျှပ်စစ်မသုံးရဲတော့ဘူး အခုမီးသွေးမီးပူအိုးလေး ပြန်သုံးနေရပြီ”ဟု မြိတ်မြို့၊မြို့သစ်ရပ်နေ အိမ်ရှင်မ တစ်ဦးကပြောသည်။

အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် တစ်လမီးသွေး နှစ်တင်းဝင်တစ်အိတ် အနည်းဆုံးကုန်ကြောင်း အချို့အိမ်များတွင် နှစ်အိပ်ခန့်ကုန်ကြောင်း မီးသွေးအသုံးပြုသူများ ထံမှသိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ အိမ်ထောင်စု ၄၃ ဒသမ ၅ ရာခိုင်နှုန်းသည် အစားအစာချက်ပြုတ်ရန် မီးသွေးကို အသုံးပြုနေကြောင်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် ထုတ်ပြန်ထားသည်။

ထင်းမီးသွေးဖုတ်လုပ်ငန်းများကြောင့် ဒေသတွင်း သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်သည်။