တနင်္သာရီ လယ်သစ်ကျေးရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

0
323
ပုံစာ - တာဝါတိုင် အောက်ခြေ မီးလောင်နေစဉ်။ဓာတ်ပုံ - Facebook User

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၁၃ ရက် ည ၈ နာရီခွဲ ဝန်းကျင်က လယ်သစ်ကျေးရွာအရှေ့ကမ်းရှိ မိုင်တဲတာဝါတိုင် မိုင်းဆွဲခံရပြီး ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

“အသံက တော်တော်ကျယ်တယ်။ အောက်ခြေစက်တွေ အကုန်မီးလောင်ပျက်စီးသွားတယ်” ဟု လယ်သစ်အရှေ့ကမ်းနေ ရွာသားတစ်ဦးက ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက် ထွက်ရှိလာခြင်း မရှိသေးသဖြင့် မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကိုမူ မသိရသေးပေ။

လယ်သစ်ကျေးရွာတွင် မိုင်တဲတာဝါတိုင်နှင့် MPT တာဝါတို့ရှိပြီး လက်ရှိတွင် MPT လိုင်းများကို ဆက်လက်အသုံးပြု၍ရကြောင်း ရွာသားများက ပြောပြသည်။

တနင်္သာရီမြစ်လက်တက်တစ်ခုပေါ်တွင်တည်ရှိသည့် လယ်သစ်ကျေးရွာ၏ အရှေ့ကမ်းနှင့် အနောက်ကမ်း ပေါင်းလျှင် အိမ်ခြေတစ်ထောင်ကျော် ရှိသည်။

အဆိုပါကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲငယ်များ မကြာခဏဖြစ်လေ့ရှိသည်။