မလေးရှားသို့ တရားမဝင်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၂၁ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

0
387
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၂၁ ဦး / ဓာတ်ပုံ - MGR Online

မလေးရှားနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် လူဝင်မှူကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်ဟု ရဲချုပ် Prapansak Prasansuk ကပြောကြားခဲ့ကြောင်း Bangkok Post က ယနေ့ဖော်ပြသည်။

ဧပြီလ ၁၂ ရက်က ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်း၊ စွန်ခရာခရိုင်၊ ရတ်တဖူမိမြို့ အာရှလမ်းမကြီး‌‌တွင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၂၁ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၁ ဦးသည် ကင်န်းဗက်စ်အနက်ရောင်ဖြင့် အပြည့်ဖုံးအုပ်ထားသော ကားအနောက်ပိုင်းတွင် ကျပ်ညပ်ကာလိုက်ပါလာခြင်းဖြစ်ပြီး အမျိုးသား ၁၈ ဦး အမျိုးသမီး ၃ ဦးတို့ပါဝင်သည်။

ဖမ်းဆီးခံရသော ကားမောင်းသမားထံမှ စစ်ဆေးတွေ့ရှိချက်အရ နောက်ထပ် ပစ်ကပ်ကား‌မောင်းသူ ထိုင်းနိုင်ငံသား ကားမောင်းသမားတစ်ဦးကိုလည်း ကန်ချနာဘူရီခရိုင် Resort တစ်ခုတွင် ဖုန်း ၃ လုံးနှင့်တကွ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ကားမောင်းသမားနှစ်ဦးကို ထပ်မံစစ်ဆေးရာတွင် မြန်မာနိုင်ငံသားများကို ပရာကျွပ်ခီရီခန်ခရိုင်မှ ထိုင်း-မလေးရှားနယ်စပ်သို့ ကားမောင်းပို့ခြင်းအတွက် ကားမောင်းခ ဘတ်တစ်သောင်းရရှိကြောင်း၊ ပို့ဆောင်ပေးရမည့်နေရာသို့ ရောက်ရှိသည့်အခါမှ ငွေအပြည့်ရရှိမည်ဖြစ်ကြောင်း ၊ ယခင်က ပို့ဆောင်မှု ၃ ကြိမ်အထိ လုပ်ဆောင်ထားကြောင်း ထွက်ဆိုသည်ဟု MGR Online သတင်းဌာန၏ ဖော်ပြချင်အရသိရှိရသည်။

အဆိုပါဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအများစုမှာ ရန်ကုန်၊ မော်လမြိုင်၊ မြဝတီ စသည့်မြို့များမှဖြစ်ပြီး ယခုခရီးအတွက် တစ်ဦးလျှင် ဘတ် ၄၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကာ ခရီးစဉ်မတိုင်မီ ဘတ် ၂၀၀၀၀ ကြိုတင်ပေးထားရသည်ဟု Bangkok Post ကရေးသားဖော်ပြထားသည်။

၎င်းတို့သည် တရားမ၀င် ခိုးဝင်မှုဖြင့် တရားစွဲခံရမည်ဖြစ်ပြီး ဥပဒေအရ အရေးယူခံရပြီးနောက် ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်သည် ။ ၎င်းဖြစ်စဉ်၏နောက်ကွယ်တွင် မြန်မာ၊ထိုင်းနှင့် မလေးရှားနိုင်ငံသားများပါဝင်နိုင်ပြီး ဆက်လက်စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများကဆိုသည်။

နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုကြောင့် မြန်မာအလုပ်သမား အများစုသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်‌ေရာက်လာကြပြီး မလေးရှားနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်း၊ အလူမီနီယံလုပ်ငန်း စသောလုပ်ငန်းများတွင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန် ယခုကဲ့သို့ စွန့်စားထွက်ခွာရခြင်း ဖြစ်ကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံကို ဖြတ်ကာ တရားမဝင်သွား ရောက်သည့် မြန်မာနိုင်ငံများကို မလေးရှားနှင့် ထိုင်းနယ်စပ်တွင် မကြာခဏဖမ်းဆီး ရမိလေ့ရှိပြီး ယင်းသို့တရားမဝင်သွားရောက်ခြင်းမှာ အန္တရာယ်များစွာရှိသော်လည်း မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အရဲစွန့်သွားလာကြရခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများကဆိုသည်။