ရဲကတ်များကို အရေးယူမည်ဆို၍ ထိုင်းရောက်အထောက်အထားမဲ့မြန်မာများ နေရေးအခက်ကြုံ

0
326
ပုံစာ - တစ်လ ဘတ် ၃၅၀ ပေးရသော ရဲကတ်

သက်ဆိုင်ရာ ဒေသရဲများက ငွေကြေးယူကာ ထုတ်ပေးသည့် ရဲကတ်များကိစ္စ ကိုင်တွယ်အရေးယူတော့မည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားပြီးနောက် အထောက်အထားမဲ့ နေထိုင်နေရသော မြန်မာများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

အလုပ်အကိုင် ရှားပါးမှုနှင့် ပြည်တွင်းရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံသား အများအပြား နယ်စပ်များကိုဖြတ်၍ ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်နေကြရပြီး သက်ဆိုင်ရာဒေသရဲများကို တစ်လ ၃၅၀ ဘတ် (နှစ်သောင်း‌ကျပ်ကျေ်)ပေးကာ ရဲကတ်ပြုလုပ်၍ နေထိုင်ကြရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသော တရားမဝင်မြန်မာရွေ့ပြောင်း အလုပ်အသမားများအနေဖြင့် အဖမ်းခံရပြီး နေရပါပြန်ပို့မခံရစေရန် ရဲကို ဘတ် ၃၅၀ လာဘ်ငွေပေးပြီး ရဲကတ်ပြုလုပ် နေထိုင်နေကြရကြောင်း အေပီ သတင်းဌာန၏ ဧပြီလ ၈ ရက်နေ့က သတင်းတွင်ပါရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက ရဲကတ်ထုတ်ပေးသော ရဲများကို စစ်ဆေးအရေးယူသွားမည်ဟု ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိနေသူများတွင် အလုပ်အကိုင်ရရှိရေးအတွက် နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာသူများရှိသလို နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်၍ မရတော့သဖြင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရှောင်တိမ်းနေရသူများလည်း ရှိနေသည်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်နေသော မြန်မာများမှာ ဒေသရဲများကငွေကြေးရယူကာ ထုတ်ပေးသည့် ရဲကတ်များဖြင့် နေထိုင်ကြရခြင်းဖြစ်သည်။

အဆိုပါ ရဲကတ်မှာ သက်တမ်းတစ်လပါရှိပြီး လမကုန်ခင်တွင် သက်တမ်းတိုးရကြောင်း၊ နှစ်လက်မ ခန့်ရှိသည့် စက္ကူကတ်ပြားလေးပေါ်တွင် ကာယကံရှင်အမည်နှင့် ဓာတ်ပုံပါရှိပြီး ထိုင်းလိုရေးသားထားသော စာကြောင်းတစ်ခု (Ride Card ဟုဘာသာပြန်၍ရ)၊ အစစ်ဆေးခံရပါကာ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ ပါရှိသည်။

“ထိုင်းရဲတွေနဲ့တွေ့ရင် လမ်းမှာစာရွက်စာတမ်း အစစ်ဆေးခံရတယ်။ ရဲကတ်ရှိရင် မစစ်ဆေးတော့ဘူး။ မပြည့်စုံတဲ့သူ‌တွေကို ရဲစခန်းခေါ်သွားပီး ဘတ် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားတောင်းယူတာမျိုးရှိတယ်” ဟုမဟာချိုင်ရှိ အထည်ချုပ်စက်ရုံတွင်လုပ်ကိုင်လျက်ရှိသော အလုပ်သမားတစ်ဦးကပြောကြားသည်။

ရဲကတ်လုပ်ထားသူများမှာ သက်ဆိုင်ရာ ဒေသအတွင်း သွားလာ၍ရပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအနေဖြင့် ပန်း‌ရောင်ကတ်ဟုခေါ်သော အလုပ်သမားကတ် မရသေးခင်တွင် အဆင်ပြေပြေ နေထိုင်နိုင်ရန် ရဲကတ်ပြုလုပ်ထားလေ့ရှိသည်။

အဆိုပါ ရဲကတ်(police card) မှာ မဲဆောက်၊ ရနောင်းစသော နယ်စပ်များတွင်သာမကဘဲ ထိုင်းနိုင်ငံအတွင်းရှိ ရွေ့ပြောင်းအလုပ်သမားအများစုရှိသော မြို့များတွင်လည်း လုပ်၍ရသည်။

၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမား ၄ သောင်းကျော်ဖမ်းဆီးရမိပြီး အဆိုပါဖမ်းဆီးရမိသူများတွင် မြန်မာအလုပ်သမားအများစုပါဝင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်း (FED) မှရရှိသော အချက်အလက်များအရ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်သို့ ရောက်ရှိ‌သွားသော ရွေ့ပြောင်းမြန်မာအလုပ်သမားများမှာ တစ်သိန်းခန့်ရှိနိုင်သည်ဟု ခန့်မှန်းကြောင်းလည်း ယင်းအဖွဲ့ထံမှသိရသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်အရ MOU အလုပ်သမား ၁ ဒသမ ၅ သိန်းခန့်ကို ခေါ်ယူရန် တောင်းဆိုထားရာ မြန်မာအလုပ်သမား ၁ ဒသမ ၁ သိန်းခန့်အထိ ပါဝင်နေကြောင်း၊ သို့သော် လက်ရှိနိုင်ငံရေး အခြေအနေကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားခေါ်ယူရေးမှာ အခက်အခဲ ဖြစ်နေ‌ကြောင်း ထိုင်းနိုင်ငံအလုပ်အကိုင်ဦးစီးဌာနကို ကိုးကား၍ Union of Catholic Asian News သတင်းဌာနက ဖော်ပြထားသည်။