သထုံစုပေါင်းရုံး ဗုံးပေါက်ပြီး ရဲနှစ်ဦး ဒဏ်ရာရဟုဆို

0
367

မွန်ပြည်နယ် သထုံမြို့နယ် စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့က ဗုံးပေါက်ကွဲသဖြင့် ရဲနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးနေရာတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သည်။

“စုပေါင်းရုံးမှာ လာပို့ထားတဲ့ ဆန်အိတ်ထဲကနေ ထပေါက်တယ်လို့ ပြောကြတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ကြားသိရကြောင်းလည်း မြို့ခံတို့ထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ နေရာအချို့လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။

စုပေါင်းရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အဆိုပါရုံးနှင့် မြို့အတွင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း မြို့ခံအချို့တို့က ပြောသည်။