မြိတ်တွင် သင်္ကြန်တွင်း ဘုရားဖူးခရီးစဉ် ယာဉ်စင်းလုံးငှားသူ မရှိသလောက်နည်း

0
173

သင်္ကြန်ကာလအတွင်း ပြည်တွင်းဘုရားဖူးခရီးစဉ်အတွက် ယာဉ်စင်းလုံးငှားသူ မရှိသလောက် နည်းပါး‌နေကြောင်း စင်းလုံးငှားယာဉ်အသိုင်းအဝိုင်းမှ သိရသည်။

သင်္ကြန်တွင်း လူ ၁၂ ဦးမှ ၁၅ ဦးအထိ လိုက်ပါနိုင်သည့် အံစာတုံးကဲ့သို့ မော်တော်ယာဉ်တို့အား စင်းလုံး ငှားရမ်းပြီး ရန်ကုန်နှင့် အထက်မြန်မာပြည်အနှံ့ ပြည်တွင်း ဘုရားဖူးသွားလေ့ရှိကြသည်။

ပုံမှန်အားဖြင့် နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း ဘုရားဖူးခရီးစဉ်တို့အတွက် ကြိုတင်ငှားရမ်းထားကြရပြီး ယခုနှစ်တွင် ငှားရမ်းသူ မရှိသေးကြောင်း ယာဉ်စင်းလုံးဖြတ်ငှားရမ်းနေသူ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြသည်။

“မနှစ်က ကိုဗစ်ကြောင့်ပေါ့။ ဒီနှစ်က ပေးသွားတာတောင် ခေါ်သမားမရှိဘူး” ဟု ၎င်းက ပြောသည်။

စင်းလုံးယာဉ်ပိုင်ရှင်အချို့ကို မေးမြန်းချက်အရ ၎င်းတို့အသိုင်းအဝိုင်းမှ ကားအများစုမှာ ငှားရမ်းသူ မရှိသေးဘဲ တစ်စီးတလေသာ ငှားရမ်းထားသည်ဟု ကြားသိရကြောင်း ပြောဆိုကြသည်။

“အော်ဒါခေါ်ထားတာ မရှိဘူး။ လာခေါ်ရင် ထလိုက်သွားတာပဲ” ဟု အဝေးပြေးကားဝင်းရှိ ယာဉ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလက မတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများနေခြင်းတို့ကြောင့် ဘုရားဖူးသွားမည့်သူ မရှိခဲ့ခြင်းဖြစ်ကြောင်း ယာဉ်စင်းလုံးဖြတ် ငှားရမ်းနေသူအချို့က ပြောဆိုသည်။

ယခုနှစ်တွင် ကိုဗစ်ကြောင့် ကန့်သတ်မှုများ မရှိသော်လည်း ပြည်တွင်း မတည်ငြိမ်မှု၊ လမ်းခရီးတွင် စစ်ဆေးရေးဂိတ်များခြင်း၊ ငွေကြေးအခက်အခဲရှိခြင်း စသည်တို့ ဘုရားဖူးခရီးသွားရန် ငှားရမ်းသူ နည်းပါးခြင်းဖြစ်နိုင်ကြောင်း ကာသမားအချို့နှင့် ခရီးသွားပြည်သူအချို့ထံမှ သိရသည်။

ယင်းအပြင် သင်္ကြန်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများတွင် ဝင်မပါဘဲ နေအိမ်တွင်သာ နေထိုင်ကြရန် PDF အဖွဲ့များနှင့် သပိတ်ကော်မတီများ၏ တောင်းဆိုထားမှုတို့ကြောင့်လည်း ခရီးသွားသူ နည်းခြင်း ဖြစ်နိုင်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ခေတ်အခြေအနေက သိတဲ့အတိုင်းပဲလေ။ ကြေးပြားဟင်္သာ (ပိုက်ဆံ) လည်း ရှားစ၊ ဘယ်အချိန်မှာ ဘာတွေထဖြစ်မယ်မှန်း မသိလို့ မသွားဖြစ်တာ” ဟု ကလွင်ရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့ မိသားစုသည် သင်္ကြန်ကာလအတွင်း ဘုရားဖူးသွားရန် စီစဉ်ထားပြီးမှ အစီအစဉ် ဖျက်သိမ်း လိုက်ကြောင်း ၎င်းက ပြောသည်။