CDM အခြေခံပညာကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်

0
850
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားတစ်ဦး

စစ်ကောင်စီ၏ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းမတက်ဘဲ ဆန္ဒပြခဲ့ကြသော CDM ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်လာကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။

ကိုဗစ်ကြောင့် ကျောင်းတက်ခွင့်တစ်နှစ် ဆုံးရှုံးနစ်နာခဲ့သော မြန်မာနိုင်ငံမှ ကျောင်းသားများမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ၏ပညာရေးစနစ်ကို သပိတ်မှောက်ပြီး ကျောင်းဆက် မတက်ကြ သဖြင့် ပညာရေးရပ်တန့်မှုများနှင့် ကြုံတွေ့နေကြရသည်။

သို့သော် အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာချိန်တွင်တော့ မြန်မာနိုင်ငံမှ ကျောင်းသားများ ပညာဆက် လက်သင်ယူနိုင်မည့် အခွင့်အလမ်းသစ်များ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။

အထက်တန်းအဆင့်တွင် ပညာရေးရပ်တန့်နေသူများမှာ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများဖြစ်သော IGCSE ၊ GED ၊ Cambridge စသည့် သင်ရိုးများကို လေ့လာကာ ဝင်ရောက်ဖြေဆို နိုင်ရေး လုပ်ဆောင်လာကြသည်။

သို့သော် ယင်းစာမေးပွဲများမှာ ငွေကုန်ကြေးကျ များနိုင်သည့်အတွက် ငွေကြေးတတ်နိုင်သူများက အဓိကသွားသည့် လမ်းကြောင်းဖြစ်နေသည်။

“လက်ရှိအသက် ၁၆၊ ၁၇ နှစ်အရွယ် အခြေခံပညာကျောင်းသားတွေ အထူးသဖြင့် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားတွေကတော့ ဒီ IGCSE ‘O’level course ကိုတက်ကြပါတယ်” ဟု သင်ကြားပို့ချနေသော ဆရာတစ်ဦးက ရှင်းပြသည်။

GED ဆိုသည်မှာ အခြေခံပညာမပြီးဆုံးသေးသော ကျောင်းသားများအတွက် အမေရိကန်အထက်တန်း ဒီပလိုမာဖြစ်ပြီး အမေရိကန်တက္ကသိုလ်၊ ထိုင်းတက္ကသိုလ်များအပါအဝင် တက္ကသိုလ် အတော်များများက လက်ခံသည့် လက်မှတ်လည်းဖြစ်သည်။

ယင်းသို့ပင် မြန်မာနိုင်ငံတွင် လူသိများသော IGCSE ‘O’ Level, ‘A’ Level တို့သည်လည်း နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူနိုင်သော ခိုင်မာသောလက်မှတ်တစ်ခုဖြစ်သည်။

ငွေကြေးမတတ်နိုင်သည့် မြန်မာနိုင်ငံသား လူငယ်များအတွက် GED ပညာရေး သင်ယူလိုပါက ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အခြေစိုက်သည့် Beam Education Foundation တွင် လျှောက်ထားနိုင်ပြီး ဝင်ခွင့်အောင်ပါက GED ပညာရေးကို အခမဲ့ သင်ယူနိုင်မည်ဖြစ်သည်။

ယင်းဖောင်ဒေးရှင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံသားများ ပညာရေးအခွင့်အလမ်း ပိုမိုရရှိစေရန် အွန်လိုင်းမှ သင်ကြားသည့် စနစ်ကို ဖော်ဆောင်လိုက်သဖြင့် မြန်မာနိုင်ငံတွင် နေသူများလည်း သင်ကြားခွင့်ရရှိနေပြီဖြစ်သည်။

ယင်းအပြင် အခြားသော ပညာရေးဖောင်ဒေးရှင်းနှင့် အဖွဲ့များကလည်း နိုင်ငံတကာတက္ကသိုလ် တက်ရောက် နိုင်သော စာမေးပွဲများကို မြန်မာနိုင်ငံသားများ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် အခမဲ့သင်တန်းများ ဖွင့်နိုင်ရန် စီစဉ်နေကြာင်းလည်း သိရသည်။
ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းသားများ အတွက် ကြားကာလ ပညာသင်ယူနိုင်ရေးအခွင့်အလမ်းများနှင့်ပတ်သက်၍ စနစ်တကျ အကောင်ထည်ဖော် ဆောင်ရွက်နေမှုများကို ထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်တွင် အခြေခံပညာကျောင်းသားများအတွက် ကြားကာလ နေအိမ်အခြေပြု ပညာသင်ယူခြင်း (Home-Based Learning) အစီအစဉ်ကို Moodle၊ Facebook၊ Telegram၊ Viber နှင့် YouTube Channels စသော Learning Channels ၅ ခုမှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်သင်ကြား ပေးလျက်ရှိ ကြောင်း တွေ့ရသည်။

အင်တာနက်မရရှိသော ဒေသများမှ အခြေခံပညာကျောင်းသားများလည်း ပညာဆက်လက် လေ့လာနိုင် စေရန် NUG ၏ သင်ရိုးဗီဒီယိုများကို ဒေါင်းလုတ်ရယူပြီး ပြန်လည်ဝေမျှပေးရန်လည်း NUG က ထုတ်ပြန် ထားသည်။

စစ်ကောင်စီကဖွင့်သည့် ကျောင်းကို ပြန်မထားလိုသူများ အများအပြားရှိသော်လည်း နိုင်ငံတကာ ပညာရေး လမ်းကြောင်းလိုက်မည်ဆိုပါက ငွေကြေးဆက်မလိုက်နိုင်မည်ကို စိုးရိမ်နေသူ အများအပြားရှိနေကြောင်း၊ မြန်မာ့ပညာရေး စနစ်က အားနည်းခဲ့သည့်အတွက် နိုင်ငံတကာပညာရေးကို မလိုက်နိုင်မည်ကို စိုးရိမ်နေသည့် မိဘများလည်းရှိကြောင်း ကျောင်းသား မိဘတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် ရွေးချယ်ရခက်နေပြီး မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို မသိသေးကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်မှစ၍ စစ်ကောင်စီက အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တက်ရောက်သူနည်းပါးနေသေးကြောင်း တွေ့ရသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က တနင်္သာရီတိုင်းတွင် ကျောင်းတက်သူ သုံးသိန်းတစ်သောင်း ကျော်ရှိပြီး စစ်အာဏာသိမ်းကာလတွင် ကျောင်းတက်သူ ခုနှစ်သောင်းကျော် (၇၈၂၃၀) ဦးသာရှိပြီး သင်ကြားရေးဆရာမ ၆၆၀၀ ကျော်ဖြင့် လည်ပတ်နေရကြောင်း ကောက်ယူထားသော စာရင်များအရ သိရသည်။