တနင်္သာရီတွင် ခဲမိုင်းတွင်း မြေဇာပုံပြိုကျပြီး လုပ်သားငါးဦးသေဆုံး

0
317

တနင်္သာရီမြို့နယ်၊ သဘောလိပ်ကျေးရွာရှိ ခဲမိုင်းတွင်း မြေဇာပုံ ယနေ့ (ဧပြီ ၁) ပြိုကျပြီး အလုပ်သမားငါးဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မွန်းလွဲ ၃ နာရီခန့်က ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခဲမိုင်းလုပ်ကွက်အတွင်း တောင်ခြေရှိ မြေဇာပုံပြိုကျခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မိုးက အရမ်းသည်းတော့ မြေဇာပုံပြိုကျပြီး ငါးဦးသေသွားတယ်။ ဘူဒိုဇာရှိတဲ့နေရာနဲ့ ဝေးတော့ ကယ်ချိန် မမီလိုက်ဘူး” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသားငါးဦးစလုံးသည် ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှ လာရောက် အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

သေဆုံးသူများမှာ အသက် ၄၀ နှင့် ၂၅ နှစ်ကြား ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်တွင် ကြိမ်ချောင်းခဲမိုင်းတွင်းနှင့် သဘောလိပ်ခဲမိုင်းတွင်း နှစ်ခုရှိပြီး အလုပ်သမား ထောင်ချီကာ ခဲတူးဖော် လုပ်ကိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“လာလုပ်နေတာက ဖားကန့်နှင့် ပဲခူးတိုင်းဖက်က ဧည့်သည်တွေက ပိုများတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါခဲမိုင်းတွင် ယခုကဲ့သို့ အစုလိုက် သေဆုံးသည့်ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယင်းခဲမိုင်းများသည် ကိုလိုနီခေတ်ကတည်းက ရှိခဲ့ပြီး လက်ရှိအချိန်တွင် လုပ်ကိုင်သူများလာပြီး လူဦးရေထောင်ချီကာ လာရောက် လုပ်ကိုင်နေကြကြောင်း ဒေသခံများက ပြောပြသည်။