ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဦးဆောင်လုပ်ကိုင်သူ ကိုသန့်ဇင်ထူး ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရ

0
193

ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း-ထားဝယ်အား ဦးဆောင်လုပ်ကိုင်သူ ကိုသန့်ဇင်ထူးကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက မတ်လ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ထားသည်။

ကိုသန့်ဇင်ထူးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုသန့်ဇင်ထူး အပါအဝင် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း-ထားဝယ်အဖွဲ့သား ခုနစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီကျော်တွင် ထားဝယ်မြို့ရှိ ရုံးခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်ထူးမှာ PDF များကို ဆေးဝါးလှူဒါန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လှူဒါန်းသည့်ကိစ္စတွင် မပါဝင်သည့် ကျန်အဖွဲ့သား ခြောက်ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကိုသန့်ဇင်ထူး၏ ဇနီးဖြစ်သူ မဆုလဲ့ရီက ပြောသည်။

ဖမ်းဆီးခံရချိန်တွင် အဖွဲ့သားအားလုံးကို ကောင်းကောင်းမွန်မွန်သာ ဆက်ဆံပြီး ရိုက်နှက်ထုထောင်းခဲ့ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“ထွေထွေထူးထူးတော့ ပြောစရာမရှိဘူး။ အချိန်တန်ရင် လွတ်လာလိမ့်မယ်။ သူလွတ်လာတာကိုပဲ ကျွန်မတော့‌မျှော်နေတာပေါ့နော်” ဟု မဆုလဲ့ရီက ပြောဆိုသည်။

အဆိုပါဆေးခန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ထားဝယ်မြို့ ဆန္ဒပြ သပိတ်စစ်ကြောင်းကို ကျည်အစစ်နှင့် ပစ်ခတ်ဖြိုခွင်းခဲ့သည့်နေ့တွင် ကိုသန့်ဇင်ထူးနှင့် အခြားသူငယ်ချင်းတစ်စုက စတင်တည် ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်း ၎င်းက ဆိုသည်။

အရေးပေါ်လူနာများကို ကူညီသယ်ဆောင်ပေးခြင်း၊ နယ်လှည့် ဆေးကုသပေးလုပ်ငန်းများနှင့် ကိုဗစ် ကာလတွင်လည်း ကိုဗစ်လူနာများကို အိမ်တိုင်ရာရောက် ကူညီကြည့်ရှုစောင့်ရှောက်ပေးသည့် လုပ်ငန်းများ စသည့် ဆေးဝါးကုသမှုလုပ်ငန်းများကို ဒေသအကျိုးအတွက် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည့် ဆေးခန်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။