ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ ကိုဇေလင်းဦးကို ထောင်ဒဏ် ၁၅နှစ် ထပ်မံချမှတ်ခံရ

0
210

ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ ကိုဇေလင်းဦးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပုဒ်မလေးခု အတွက် ထောင်ဒဏ် ၆ နှစ်နှင့် ၆ လချမှတ်ခဲ့ပြီး ယခုလည်း ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ် ၁၅နှစ် ထပ်မံ ချမှတ်ခံရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်ထားသည်။

ကိုဇေလင်းဦးကို ပုဒ်မ ခြောက်ခုဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ၅၀၅ (က) ၊ ၅၀၅ (ဂ) ၊ ၁၉ (စ) ၊ ၁၉ (င) စသော ပုဒ်မလေးခုအတွက် ထောင်ဒဏ် ၆ နှစ်နှင့် ၆ လ ချမှတ်ခဲ့ သည်။

ယခုအခါ လက်ကျန်ပုဒ်မ နှစ်ခုဖြစ်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အတွက် ထောင်ဒဏ် ၁၀ နှစ်နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အတွက် ထောင်ဒဏ် ၅ နှစ် မတ်လ ၃၀ ရက်နေ့ ထားဝယ်ခရိုင် တရားရုံးတွင် ထပ်မံချမှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်သည်။

“သူ့ကို မိတာက လက်နက်တွေနဲ့ မိတယ်ဆိုတော့ အဲဒါက တစ်ချက်။ နောက်တစ်ချက်က ဒလန်သတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲထားတယ်ထင်တယ်။ အဲဒါကြောင့် လူသတ်မှုတွေပါ ပါနေတယ်။ ကျွန်တော်တော့ မတရားစွပ်စွဲခံထိတယ်ဆိုတာပဲ ပြောချင်တယ်။ DPPN အနေနဲ့တော့ ဒီလို ထောင်ဒဏ်တွေ အများကြီးချတဲ့ အတွက် စစ်ကောင်စီရဲ့လုပ်ရပ်ကို ရှုတ်ချတယ်” ဟု DPPN မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက် ၃၅ နှစ်ခန့်ရှိ ကိုဇေလင်းဦးနှင့် ဇနီး မနှင်းစုလှိုင်တို့မှာ ထားဝယ်မြို့ ကျောက်မော်ရပ်၊ ကျန်းမာရေး လမ်းတွင် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကိုဇေလင်းဦး၏ ဇနီးဖြစ်သူကိုလည်း ထားဝယ်ခရိုင်တရားရုံးက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထောင်ဒဏ် ၄ နှစ် ၆ လ အမိန့်ချမှတ်ခဲ့သည်။

ကိုဇေလင်းဦးမှာ ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး တေးဂီတအဖွဲ့တစ်ခုတွင် ဒရမ်တီး သူတစ်ဦး ဖြစ်သည်။